Monday, November 3, 2014
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအချိန်ဆွဲရန် UNFC နှင့် NLD လျှို့ဝှက်ပူးပေါင်းကြံစည်
သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ရန် ကြိုးစားနေချိန်တွင် ကေအိုင်အို ဦးဆောင်သည့် UNFC နှင့် NLD ခေါင်းဆောင်အချို့က အပစ် အခတ်ရပ်စဲရေး ကို ၂၀၁၆ အစိုးရသစ်တက်လာသည့်ကာလအထိ အချိန်ဆွဲထားရန် လျှို့ဝှက် အပေးအယူလုပ် ပူးပေါင်းကြံစည်နေကြောင်း ထိုင်းနယ်စပ်ရှိ အမည်မဖော်လို သည့် အလွတ်တမ်းသတင်းထောက် တစ်ဦးက ပြောကြားသည်။UNFC အဖွဲ့ဝင် အများစုအနေဖြင့် တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထက် ယခု လို တိုက်ပွဲလည်း ကြီးကြီးမားမားလည်းမဖြစ်၊ စီးပွားလည်းရှာ၍ ကောင်းသည့်အနေအထားကို သဘောကျ နေသည့်အတွက် အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ အချိန်ဆွဲထားလိုကြောင်း၊ NLD ခေါင်းဆောင် အချို့ကလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်လျှင် ဦးသိန်းစိန် အစိုးရနာမည်ကောင်း ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကို ထောက်ခံမှု မြင့်တက် လာမည်ကို စိုးရိမ်နေကြောင်း၊ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အပစ်အခတ် ရပ်စဲရေး ကို လက်ခံသဘောတူညီခြင်းမပြုရန်၊ ၂၀၁၆ တွင် NLD အစိုးရဖွဲ့နိုင်ပါက UNFC ကတောင်းဆိုသည့်အတိုင်း ဖက်ဒရယ်တပ်မတော်ကို လက်ခံမည်ဟု လျှို့ဝှက်အပေးအယူလုပ်ထားသည်ဟု NLD နှင့်ရော UNFC နှင့်ပါ နီးစပ်သူ ၄င်းသတင်းထောက်က ပြောကြားသည်။
"ကျွန်တော့အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၆ အထိ အချိန်ဆွဲချင် တာကို ဘာမှ မပြောလို ပါဘူး၊ ဒါပေမယ့် ဖက်ဒရယ်တပ်မတော်ကို လက်ခံမယ်ဆိုတဲ့ ကတိက အန္တရာယ်များလွန်းတယ် လို့ မြင်တယ်။ တောင်ပိုင်းတပ်မတော်၊ မြောက်ပိုင်းတပ်မတော်ဆိုတာ အန္တရာယ်များလွန်း လှတယ်။ နိုင်ငံကို အစိတ်စိတ်ပြိုကွဲသွားစေနိုင်တယ်။ ဒီလို လျှို့ဝှက် သဘောတူညီချက်တွေ လုပ်ထားတာ ကျွန်တော်တို့ တော့ လက်မခံနိုင်ဘူး " ဟု NCCT အဖွဲ့ဝင်တစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး မဖြစ်နိုင်စေရန်အတွက် အစိုးရဖက်မှ လုံးဝလက်ခံ မည်မဟုတ်သော ဖက်ဒရယ်တပ်မတော်ကို UNFC က မလျော့တမ်းတောင်းဆိုသွားမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အကြောင်းပြုကာ လူထု လှုပ်ရှားမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးနှင့် နိုင်ငံရေး ညှပ်ပူးညှပ်ပိတ်တိုက်ပြီး အစိုးရမှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လည်း မည်မည်ရရ ရလာဒ်ကောင်းပြစရာမရှိ၊ ပြည်သူလူထုအမြင်တွင်လည်း လူထုကိုဖိနှိပ်သော ၊ ပြုပြင်ပြောင်းလဲရေးကို မလိုလားသော အစိုးရဟု မြင်သွားစေပြီး အာဏာရပါတီ ဖြစ်သော ကြံ့ခိုင်ရေးပါတီကို ထောက်ခံမှု အနိမ့်ဆုံး ဖြစ်စေကာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ တောင်ပြို၊ ကမ်းပြို အနိုင်ရရေး မဟာဗျူဟာ ချမှတ်ကြောင်း သိရှိရသည်။
ပြည်မြန်မာ
https://www.facebook.com/PyiMyanmarNew/photos/a.544354368928899.124328.544353522262317/856189734412026/?type=1&theater

No comments:
Post a Comment