Thursday, December 11, 2014

ဘရုစ်လီ ပြန်လာပြီ


ကွန်ဖူးမင်းသား ဘရုစ်လီ ဆိုရင် ဧရာဝတီ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ ဘရုစ်လီဟာ ကွယ်လွန်သွားခဲ့ တာကြာပြီ ဖြစ်ပေမယ့် သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေက အခုထိ ကမ္ဘာအနှံ့မှာ ရှိနေကြပါသေးတယ်။


ဘရုစ်လီနဲ့ အလီဇာဒါ၊ ဓာတ်ပုံ- ရိုက်တာ


အခုတော့ ဘရုစ်လီဟာ အာဖဂန် နစ္စတန်နိုင်ငံမှာ လူပြန်ဝင်စားတယ်လို့ ပြောရမလားပါဘဲ။

အာဖဂန် နစ္စတန်နိုင်ငံက ဘရုစ်လီကို အားကျတဲ့ အာဘတ်စ် အလီဇာဒါဆိုသူဟာ အခုလို အာဖဂန်နစ္စတန် ဘရုစ်လီအဖြစ် ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှုနဲ့အတူ ဗြိတိန် အခြေစိုက် The Mirror နိုင်ငံတကာ သတင်းတွေမှာပါ သူ့အကြောင်း စိတ်ဝင်တစား ဖော်ပြနေကြပါပြီ။ ဘရုစ်လီရဲ့ ဟန်ပန်တွေနဲ့ ဗီဒီယို ပြကွက်တွေကို အာဘတ်စ် အလီဇာဒါက သူ့ ဖေ့စ်ဘုတ် "Bruce Hazara" မှာ တင်ခဲ့ရာက အခုလို လူသိရှင်ကြား နေ့ချင်း ညချင်း နာမည်ကြီးဘဝကို ရောက်ခဲ့ရတာပါ။




“ကျနော့်နိုင်ငံမှာ ချံပီယံ တဦးဖြစ်ချင်တယ်။ ပြီးတော့ ဟောလိဝုဒ် မင်းသားလည်း ဖြစ်ချင်တယ်” လို့ အလီဇာဒါ ခေါ် အာဖဂန် ဘရုစ်လီက ဆိုထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ ဆင်းရဲတဲ့ မိသားစုက ဆင်းသက်လာတဲ့ အလီဇာဒါဟာ မွေးချင်း လည်း ၁ဝ ဦး ရှိပါတယ်။




အလီဇာဒါ အနေနဲ့ တရုတ်သိုင်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ဝူရှုး အကယ်ဒမီကျောင်း တို့ကို တက်ဖို့ မိဘတွေက ငွေကြေး မတတ်နိုင် မထောက်ပံ့နိုင်ခဲ့ပေမယ့် သူ့ရဲ့ အစွမ်းအစကို ယုံကြည်တဲ့ သိုင်းဆရာတဦးက သူ့ ကို ခေါ်ယူလေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီလိုနဲ့ အလီဇာဒါဟာ အသက် ၁၄ နှစ်က စတင်ပြီး သိုင်းပညာကို လေ့ကျင့်သင်ကြားလာခဲ့ပါတယ်။ (သူ့ဖေ့စ်ဘုတ်မှာတော့ အလီဇာဒါဟာ ၁၉၉၄ ခုနှစ် စက်တင်ဘာလက မွေးဖွားတယ်လို့ ဖော်ပြထား ပါတယ်။ )



ဓာတ်ပုံများ- အလီဇာဒါရဲ့ ဖေ့စ်ဘုတ်
အာဖဂန်က စစ်ဘေး စစ်ဒဏ်ကြောင့် ဖြစ်နေတဲ့ အပျက်အစီးတွေက သူ့ကို ဝမ်းနည်းစေတယ်လို့လည်း သူက ပြောထားပါတယ်။

သူက ငယ်ငယ်လေးကတည်းက ဘရုစ်လီရဲ့ ရုပ်ရှင်ကားတွေကို ကြည့်ပြီး သူ့ရဲ့ တိုက်ကွက်၊ နန်ချောက်ကူ (nunchaku ) လို့ ခေါ်တဲ့ သိုင်း နည်းနာတွေကို ပုံစံတူ လိုက်လုပ်ရင်း လေ့ကျင့်သင်ယူခဲ့တာလို့ အလီဇာဒါ က ပြောပါတယ်။

“ကျနော် ကြီးပြင်းလာချိန်မှာ ဘရုစ်လီဟာ ကျနော့်သူရဲကောင်းပဲ၊ ကျနော်က သူ့အကြောင်း အမြဲ စိတ်ကူး ထဲရှိတယ်” လို့ အလီဇာဒါက ဘီဘီစီကို ပြောပါတယ်။




သူဟာ ဘရုစ်လီဖြစ်လာမှာ မဟုတ်ပေမယ့် ဘရုစ်လီလို ဟန်ပန်တိုက်ကွက်တွေကို ပုံဖော်နိုင်သူဖြစ် လာအောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်တဲ့။ ဒါကြောင့် အလီဇာဒါက သူ အသက်ရှင်နေသမျှ ကာလ ပတ်လုံး သူ့ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်တဲ့ ဘရုစ်လီ လိုပဲ ကျင့်ကြံနေထိုင် သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အာဖဂန်နစ္စတန်က လာတဲ့သတင်းဆိုရင် စစ်ပွဲတွေအကြောင်းပဲ ဖြစ်နေတယ်လေ၊ အခုတော့ ကျနော့် ဇာတ်လမ်းက အပြုသဘောဆောင်တဲ့ အရာတခုဆိုတော့ ကျနော် ပျော်တယ်” လို့ အလီဇာဒါက ပြောဆိုထားပါတယ်။




ဧရာဝတီဘလော့ဂ် ပရိသတ်တွေအတွက်လည်း အာဖဂန်နစ္စတန် ဘရုစ်လီရဲ့ ဟန်ပန်လှုပ်ရှားမှုတွေဖြစ်တဲ့ ယူကျု ဗီဒီယို ကို ဖော်ပြပေးလိုက်ပါတယ်။

http://www.youtube.com/watch?v=LIS_R6-jB7Q

အိမ့်သံစဉ် 

ဧရာဝတီ

No comments:

Post a Comment