Thursday, December 11, 2014
အရုပ်သေနတ်ဖြင့် ကလေးနှစ်ဦး ဘဏ်အနုကြမ်းစီးရန် ကြိုးပမ်း
အစ္စရေးတွင် အသက် ၁၂ နှစ်နှင့် ၁၃နှစ်အရွယ် ကလေးနှစ်ဦးတို့သည် ယမန်နေ့က အရုပ်သေနတ်များကိုင်ဆိုင်လျက် ဘဏ်တစ်ခုအား အနုကြမ်းစီးရန် ကြိုးပမ်းမှုဖြင့် တရားစွဲခံထားရသည်။
ထိုကလေးငယ် နှစ်ဦးသည် ပိုက်ဆံတစ်ပြားတစ်ချပ်မျှ မယူဘဲ သတိလက်လွတ်နှင့် ထွက်ပြေးသွားခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောသည်။
စောင့်ကြည့်ကင်မရာတွင် ၎င်းတို့၏ ရုပ်ပုံများ ပေါ်မည်စိုး၍ အဆိုပါ ယောက်ျားကလေးနှစ်ယောက်သည် ခေါင်းစွပ်များ ၀တ်ဆင်လာခဲ့ကြောင့် ရစ်ရွှန်လတ်ဇီယွန်မြို့ တယ်အဗစ် ဆင်ခြေဖုံးဒေသခံများက ဆိုသည်။
စောင့်ကြည့်ကင်မရာတွင် တစ်ယောက်မှာ ကျောပိုးအိတ်လွတ်ထားပြီး လက်ထဲတွင်လည်း အရုပ်သေနတ်တစ်လက် ရှိနေခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် M-16 ပုံစံ အရုပ်သေနတ်များ ကိုယ်စီကိုင်ဆိုင်လာရင်း ‘ဒါအနုကြမ်းစီးနေတာ’ ဟု အော်ဟစ်ခဲ့ကြောင်း ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖလက်က ပြောကြားသည်။
“အရုပ်သေနတ် ဆိုပေမယ့် တကယ့်အစစ်အတိုင်းပဲ၊ ဘဏ်ထဲကလူတွေလည်း ကြောက်လန့်တကြားဖြစ်ကုန်တယ်၊ ဒါပေမယ့် သူတို့နှစ်ယောက်လုံး ပိုက်ဆံတပြားတချပ်မှ မယူဘဲ ထွက်ပြေးသွားခဲ့တယ်” ဟု ၎င်းက ဆိုသည်။
၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ရဲတပ်ဖွဲ့မှ ခြေရာခံစုံစမ်းပြီးနောက် ယခုအခါ ဖမ်းဆီးထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ရှေ့နေဂျီလ်ဂါဘေးက ရဲဌာနသည် ကလေးအခွင့်အရေး ချိုးဖောက်ကြောင်း ပြောလာသည်။
“မနေ့ညက ဖမ်းခဲ့တဲ့ ဒီကလေးနှစ်ယောက်ကို ရဲဌာနက တရားဝင်ပြဋ္ဌာန်းချက်တွေနဲ့ သွေဖီပြီး စစ်ဆေးခဲ့ကြတယ်၊ ကလေးတွေ ထိုင်ခုံမှာပဲ အိပ်ခဲ့ရတယ်၊ ကလေးတွေကို ရာဇ၀တ်ကောင်တွေလို့ မဆက်ဆံသင့်ဘူး” ဟု ၎င်းက သုံးသပ်သည်။
ကျော်လင်းထွန်း
__Ref: Skynews
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:
Post a Comment