Thursday, December 18, 2014

ရွှေကိုမလို ငွေကိုမလို ငြိမ်းချမ်းရေးသာလိုပါသည်


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းမှာ မွေးဖွားပြီး ဇာတိမြေနဲ့ ခွဲခွာသွားခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ တစ်မြို့တစ်ရွာမှာ အိမ်ထောင်ကျ၊ သားသမီးမြေးမြစ်တွေရပြီး ဇရာထောင်းတဲ့ အရွယ်ရောက်လာပြီမို့ ကိုယ့် ဇာတိချက်ကြွေ ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ကျောက်စိမ်းမှော်ဒေသဟာ ကျွန်တော်တို့ ငယ်စဉ်ကလိုပဲ အတ္တတွေ၊ လိုချင်တပ်မက်မှု တွေနဲ့ဖုံးလွှမ်းနေဆဲပါပဲ။ ကိုယ့်ဇာတိရွာမှာ အေးအေးဆေးဆေးနေမယ်ဆိုတဲ့ စိတ်ကူးနဲ့ပြန်လာခဲ့ပေမယ့် ကိုယ့် တိုင်းရင်းသား တွေ ကြုံတွေ့နေရတဲ့ ဒုက္ခကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိပါတယ်။ဒေသခံတိုင်းရင်းသားတွေဟာ တစ်ပိုင်တစ်နိုင် ရေမဆေးကျောက်လေးတွေ ရှာဖွေပြီး ၀မ်းရေးကို ဖြေရှင်းလို့ ရနေပါတယ်။ ကျောက်လုပ်ကွက်တွေမှာလည်း အလုပ်လုပ်လို့ရတယ်။ ရွှေမှော်တွေမှာလည်း စီးပွားဖြစ်တူးလို့ ရသလို အလုပ်သမား အဖြစ်လည်း ၀င်ငွေဖြောင့်ပါတယ်။ ဒီဒေသမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေအတွက်တော့ ရွှေကိုမလို ငွေကိုမလိုဘူး လို့တောင် ပြောနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

ဒါပေမယ့် ကချင်ဒေသခံတိုင်းရင်းသားတွေဟာ အခြားသော တိုင်းရင်းသားတွေထက်စာရင် ပညာရေး၊ လူမှုရေး အဆင့်အတန်း၊ အတွေးအခေါ် ဗဟုသုတတွေ နောက်ကျကျန်နေတာကို တွေ့ရပါတယ်။ အဓိကကတော့ မျိုးဆက်သစ် လူငယ်တွေထဲမှာ ထွန်းပေါက်တဲ့လူ ပေါ်ထွက်မလာဘဲ အကြောက်တရားရဲ့ လွှမ်းမိုးမှု၊ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ရောက်ရှိနေတာ တွေ့ရပါတယ်။

ဒီတော့ ကျောက်စိမ်းတွေ၊ ရွှေတွေ ဘယ်လောက်ပဲ ထွက်ထွက်၊ ကိုယ့်ပြည်နယ် ကိုယ့်ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ရင် အလကားပါပဲ။ ကြာလာရင် ဒီ ကချင်ဒေသခံတွေဟာ အခြားသော တိုင်းရင်းသားတွေနဲ့ သီးခြားလို ဖြစ်သွားပါတော့မယ်။ ဒါ့ကြောင့် အဲဒီအကြောက်တရားတွေကို ဖယ်ရှားရမယ်၊ အဲဒီ ဖိနှိပ်အုပ်ချုပ်မှုအောက်ကနေ ရုန်းထွက်ရပါမယ်။ သူတို့အပေါ် လွှမ်းမိုးချုပ်ကိုင်နေတာကတော့ အများသိထားတဲ့အတိုင်း KIO/KIA ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။

စစ်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ စစ်ပြေးဒုက္ခသည်ဘ၀ရောက်ကြရတယ်။ ကလေးငယ်တွေ စာမသင်ရဘဲ တော တောင်တွေထဲမှာ ပုန်းအောင်းနေရတယ်။ အဆင့်မြင့် ပညာရပ်တွေ၊ အဆင့်မြင့်ကျောင်းတွေမှာ မသင်ကြားရဘူး၊ ပြည်မ က လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်မရဘဲ သီးခြားကမ္ဘာလိုဖြစ်နေတယ်။ အဲဒီ အကြောင်းတရားတွေဟာ ငြိမ်းချမ်းရေး ကြောင့် ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ငြိမ်းချမ်းရေး မရသေးတဲ့အတွက် ဒေသခံပြည်သူတွေ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ရတာပါဆိုပြီး အချို့ဒေသခံတွေ အမှတ်မှား နေကြတယ်။ စစ်ဆိုတာ တစ်ဖက်တည်းနဲ့ဖြစ်လို့ မရဘူး။ နှစ်ဖက် အဆင်မပြေလို့သာ ဖြစ်လာခြင်းဖြစ်ပါတယ်။ ဒီတော့ အစိုးရနဲ့ KIO/KIA ကြားမှာ ဘာတွေဖြစ်နေသလဲဆိုတာ အမှန်အတိုင်း သိဖို့ လိုပါတယ်။ တကယ်တော့ အစိုးရသစ် လက်ထက်မှာ KIA တင်မကဘဲ တိုင်းရင်းသားလက်နက်ကိုင်အားလုံးနဲ့ အပစ်ရပ်ရေး ဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ လုပ်ခဲ့ပါတယ်။ KIA ကလွဲရင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ကုန်ကြပြီ။ သူတို့ ပြည်နယ်တွေ ငြိမ်းချမ်းကုန်ကြပြီ။

ဒါဖြင့်ရင် ကချင်ပြည်နယ် မငြိမ်းချမ်းတာ ဘယ်သူ့ကြောင့်လဲ။ KIO/KIA အဖွဲ့ကြောင့်ဆိုတာ အဖြေက ရှင်းနေပါတယ်။ သူတို့နဲ့ အစိုးရကြားမှာ ဘာတွေညှိနှိုင်းလို့ မရဘူးလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့် KIA အနေနဲ့ အခြား သော လက်နက်ကိုင်အဖွဲ့တွေကို လေ့လာကြည့်ရပါ့မယ်။

သူတို့လိုပဲ ငြိမ်းချမ်းရေးယူလိုက်ရင် ကျွန်တော်တို့ ကချင် ပြည်နယ်ကြီးလည်း အေးချမ်းသာယာသွားမှာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ဘ၀ကို စာနာတယ်၊ ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောတယ်ဆိုရင် KIA အနေနဲ့ ငြိမ်းချမ်းရေးယူခြင်းသည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ ဒေသခံပြည်သူတွေ ဖြစ်ချင်တဲ့ဆန္ဒပါ။ လုပ်တာ မလုပ်တာကတော့ KIO/KIA ခေါင်းဆောင်တွေရဲ့ အပိုင်း ဖြစ်သွားပါပြီ။ ရိုးသားစွာပြောရရင် ကျွန်တော်တို့ ဒေသခံပြည်သူတွေဟာ ရွှေကိုမလို ငွေကိုမလို ငြိမ်းချမ်းရေးသာ လိုသည်ဟု ပြောလိုက်ချင်ပါတယ်။

နော်တူးအောင်
Kachin Daily News

No comments:

Post a Comment