ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)နှင့် တွေ့ဆုံခြင်း
ကာတွန်းကိုရွှေထူး(ပြည်)၏ ဇာတ်ကောင်ဖြစ်သော ကိုတင့်ဇာတ်လမ်းကို ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)က ဗီဒီယိုအဖြစ်ရိုက်ကူးခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့သည်။ ထို့ကြောင့် ကိုတင့်တို့ စူပါရပ်ကွက်ဟု အမည်ပေးကာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ရုပ်ရှင်အဖြစ်အနုပညာလောကမှ နာမည်ကြီးသရုပ်ဆောင်အားလုံးနီးပါး ပါဝင်ရိုက်ကူးခဲ့သည်။ ယင်းရုပ်ရှင်ကို ဒီဇင်ဘာပထမပတ်တွင် နေပြည်တော်၌ စတင်ရုံတင်ပြသမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ဆက်လက်ရုံတင်ပြသတော့မည်ဖြစ်၍ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)ကို အဆိုပါရုပ်ရှင်အကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။မေး- ကိုတင့်တို့စူပါရပ်ကွက်ကို ရိုက်တာဘယ်လောက်ကြာသွားပြီလဲ။ နာမည်ကြီးအနုပညာရှင် တော်တော်များများ ပါခဲ့တာဆိုတော့ ဘယ်လိုအမှတ်တရတွေရှိခဲ့လဲ။
ဖြေ- အဲဒီရုပ်ရှင်ကိုရိုက်တာ ၂၀၁၂ တုန်းကဖြစ်မယ်။ ကိုတင့်စီးရီးကို ဗီဒီယိုမှာ ရှစ်ပိုင်းလောက် ရိုက်ထားပြီးပြီ။ နောက်ဆုံး ကိုတင့်စီးရီးကိုးခုမြောက်ကို ရုပ်ရှင်အဖြစ်ရိုက်မယ်လို့ စီစဉ်လိုက်တဲ့အချိန်မှာ မင်းသား၊ မင်းသမီးတွေ သူ့ပလော့တ်နဲ့သူ ဝင်လာဖို့ စဉ်းစားမိတယ်။ အဲဒါကြောင့် မင်းသား၊ မင်းသမီး အကုန်လုံးကိုပြောတဲ့အချိန်မှာ သူတို့အားလုံးက ကိုယ့်အပေါ်မှာချစ်တဲ့စိတ်နဲ့ မေတ္တာနဲ့ကူညီပေးကြတယ်။ မင်းသား၊ မင်းသမီးတွေ စုံစုံလင်လင်ပါဝင်လာတာကို ကြည့်ခြင်းအားဖြင့် အနုပညာရှင်တွေအားလုံးဟာ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိကြတယ်။ အားပေးနေတဲ့ ပရိသတ်တွေအားလုံးအတွက်လည်း လိုအပ်တဲ့အချိန်မှာ ထိုက်တန်တဲ့ ဇာတ်ကားတစ်ကားဖြစ်အောင် ကူညီိပေးကြတယ်ဆိုတဲ့ ပြယုဂ်ဖြစ်သွားတယ်။
မေး- အနုပညာရှင်အများကြီးပါတော့ ရိုက်ကူးရေးပိုင်းမှာ အခက်အခဲကြုံခဲ့ရတာမျိုးကောရှိလား။
ဖြေ- အခက်အခဲတော့မရှိပါဘူး။ ပါဝင်တဲ့ မင်းသား၊ မင်းသမီးအားလုံးက သူ့ပလော့ခ်နဲ့သူ အဆင်ပြေပြေနဲ့ဝင်ပြီး သရုပ်ဆောင်ပေးကြတယ်။ ရိုက်ရမယ့်နေရာ ကာရိုက်တာကို မေးတာတောင်မရှိခဲ့ဘူး။ ကိုယ့်အပေါ်မှာ ယုံကြည်တဲ့စိတ်တစ်ခုတည်းနဲ့ သူတို့ကိုလည်း ပလပ်(အပေါင်းလက္ခဏာ) ဖြစ်အောင် လုပ်ပေးမယ်ဆိုတာကို လက်ခံယုံကြည်ထားတဲ့အတွက် ဘာမှငြိုငြင်ခြင်းမရှိဘဲနဲ့ အကုန်လုံး စိတ်တူကိုယ်တူနဲ့ ဖြူဖြူစင်စင် ပါဝင်ပေးခဲ့တာပါ။
မေး- လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ရိုက်ထားတာဆိုတော့ ရုံတင်တဲ့အခါ ခေတ်ကာလကွာဟမှု ရှိနိုင်မယ်ထင်လား။
ဖြေ- ကိုယ်တို့ရဲ့ ကိုတင့်က လူ့ပတ်ဝန်းကျင်မှာဖြစ်နေကျ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေကို ရိုက်ထားတာဆိုတော့ ခေတ်နောက်ကျတာတို့ ခေတ်ရှေ့ပြေးတာတို့ မရှိပါဘူး။ လက်ရှိ လူ့ပတ်ဝန်းကျင်မှာ လည်ပတ်နေတဲ့ အခြေအနေမျိုးနဲ့ဆိုတော့ ဘယ်အချိန်မဆိုပြလို့ရတဲ့ ကားတစ်ကားလို့ပြောရမှာပါ။
မေး- ကိုတင့်တို့စူပါရပ်ကွက်က အစ်ကို့ရဲ့ပထမဆုံးရုပ်ရှင်ဆိုတော့ ပရိသတ်အားပေးမှုကိုကော ဘယ်လောက်ထိ မျှော်လင့်ထားလဲ။
ဖြေ- ကိုဝေသာရဲ့ဇာတ်လမ်းကို ရွှေထူးရဲ့ ကိုတင့်ဆိုတဲ့ ကာတွန်းရုပ်ပြက ခုချိန်ထိလည်း Current ဖြစ်နေဆဲပါ။ အဲဒီတော့ ကိုတင့်ရဲ့ပရိသတ်တွေလည်းရှိတယ်။ ပါဝင်အားဖြည့်ထားတဲ့ မင်းသား၊ မင်းသမီးတွေရဲ့ပရိသတ်တွေလည်းရှိတယ်။ နောက်ပြီး ရယ်စရာကားဆိုရင် ကျော်ဇောလင်းကို လက်ခံပြီးအားပေးနေတဲ့ ပရိသတ်တွေလည်းရှိတယ်။ အဲဒီတော့ ပရိသတ်တွေအကုန်လုံး ကိုယ်တို့ရဲ့ ကိုတင့်ဆီကို ရောက်လာမယ်လို့ မျှော်လင့်ပါတယ်။
မေး- ဟာသကားတွေကို ပရိသတ်ဝေဖန်မှုတွေရှိတာဆိုတော့ ဒီဇာတ်ကားက ပရိသတ်ကို ဘယ်လိုရသပေးနိုင်မယ်လို့ ယုံကြည်ထားလဲ။
ဖြေ- ကိုတင့်နဲ့ပရိသတ်က ရင်းနှီးပြီးသားပါ။ ရုပ်ရှင်အဖြစ် ပြောင်းလဲပြီး တစ်ဆင့်တက်လိုက်တဲ့ ကိုတင့်က ပရိသတ်တွေအတွက် ကျေနပ်စရာ ကိုတင့်ပဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
မေး- ပြီးခဲ့တဲ့နှစ် အကယ်ဒမီတုန်းက ‘ဥ’ဇာတ်ကားက ဟာသကားဖြစ်ပေမယ့် ဒါရိုက်တာဆုရခဲ့တယ်ဆိုတော့ ကိုတင့်ရုပ်ရှင်ကကော အစ်ကို့အတွက် အကယ်ဒမီမှန်းနိုင်မယ်လို့ထင်လား။
ဖြေ- ရိုးရိုးသားသားဝန်ခံရရင် ကိုတင့်စရိုက်ဖို့ ပြင်ဆင်တဲ့အချိန်မှာရော၊ ရိုက်နေတဲ့အချိန်မှာရော အကယ်ဒမီကို လုံးဝမစဉ်းစားမိပါဘူး။ အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားတာတစ်ခုက ဗီဒီယိုမှာ ရှစ်ပိုင်းလောက်ကြည့်ထားတဲ့ ကိုတင့်က ရုပ်ရှင်အဖြစ် ထိုက်ထိုက်တန်တန်ကြည့်ခွင့်ရဖို့ကိုပဲ ဦးတည်ထားတဲ့အတွက် အဲဒီအချိန်မှာ အကယ်ဒမီဆိုတာကို မစဉ်းစားမိပါဘူး။
မေး- အရင်က ဗီဒီယိုမှာလည်း ရှစ်ပိုင်းလောက်ရိုက်ပြီးသွားပြီဆိုတော့ ရုပ်ရှင်အနေနဲ့ ကိုတင့်ကို ဘယ်လိုပုံဖော်ထားလဲ။
ဖြေ- ကိုတင့်က စေတနာအမှားနဲ့ မကင်းတဲ့လူဆိုတော့ သူ့ရဲ့ မူရင်းကာတွန်းဖရိန်အတိုင်းပဲ သွားတာပါ။ ဗီဒီယိုမှာတော့ အဲဒီပလော့ခ်တွေမှာ ဟာသသရုပ်ဆောင်တွေဖြည့်တယ်။ အခု ဟာသသရုပ်ဆောင်တွေနေရာမှာ ရုပ်ရှင်ဖြစ်သွားတဲ့အတွက် မင်းသား၊ မင်းသမီးတွေကိုထည့်ပြီး အားဖြည့်လိုက်တာပါ။
မေး- ဟာသ သရုပ်ဆောင်တွေအတွက် အကယ်ဒမီဆိုတာမှန်းလို့မရတဲ့ အိပ်မက်တစ်ခုပေမယ့် ဦးအရိုင်းက ဗီဒီယိုမှာကတည်းက ကိုတင့်အနေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်သူဆိုတော့ အကယ်ဒမီရနိုင်တဲ့ကားလို့ ပြောလို့ရမလား။
ဖြေ- ကိုယ်တို့ဆီက အကယ်ဒမီပေးတဲ့အကဲဖြတ်အဖွဲ့မှာ ဇာတ်ရုပ်ပီပြင်မှုအပေါ် ရာခိုင်နှုန်းဘယ်လောက်ပေးလဲ။ အဲဒီရာခိုင်နှုန်းအပေါ်မူတည်ပြီး ရာခိုင်နှုန်းတော်တော်များများ ကိုတင့်ဖြစ်နေတဲ့ ကိုအောင်သန်းဦး(အရိုင်း)အတွက် အကယ်ဒမီရစေချင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
Saturday, December 6, 2014
‘‘ပရိသတ်တွေအတွက် ကျေနပ်စရာ ကိုတင့်ပဲဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်’’
7Day Daily
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment