Thursday, December 25, 2014

ဆန္ဒပြ မှတ်တမ်းခွေ ရောင်း၍ ရန်ပုံငွေ ရှာမည်

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် သပိတ်မှောက်ခဲ့သည့် မှတ်တမ်းကို ရောင်းချကာ ရန်ပုံငွေရှာ သွားမည် ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်မှ သိရသည်။

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်ခဲ့တဲ့ မှတ်တမ်း အခွေ ကိုလည်း ရန်ပုံငွေ ရအောင် ရောင်းချမယ်။ ဆန့်ကျင်တဲ့ စတစ်ကာ တွေဝေငှတာ ကမ်းပိန်း လုပ်မယ်။ ကဗျာ ဆရာတွေ၊ အဆိုတော်တွေ ကလည်း ပြည်သူ စိတ်ဝင်စားအောင် သီချင်း ဆိုမယ်၊ ကဗျာ ရွတ်မယ်။ ပါဖောင်းမန့် တွေလုပ်မယ် ဟု ဗကသများ အဖွဲ့ချုပ် ဗဟို လုပ်ငန်း ကော်မတီမှ ကိုရဲရင့်အောင်က The Messenger Media သို့ ပြောသည်။ဒီဇင်ဘာလ (၂၇) ရက်နေ့ (စနေနေ့) ညနေတွင် မြို့တော် ခန်းမရှေ့တွင် အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင် သပိတ်မှောက်သည့် မှတ်တမ်း ဗီဒီယိုခွေများ ရောင်းချခြင်း၊ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်သည့် စတစ်ကာများ ဝေငှခြင်း များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှတ်တမ်းကို အခွေပေါင်း တစ်ထောင်နီးပါး ကူးထားကာ မြို့နယ်များတွင် တစ်ခွေလျှင် ငါးရာကျပ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ် လိုရော၊ မြန်မာ လိုရော စုစုပေါင်း စတစ်ကာ (၂၀၀၀) လောက် ရိုက်ထား ပါတယ်။ အဲဒီ စတစ်ကာတွေ အခမဲ့ဝေ သွားမှာ ဖြစ်ပါ တယ် ဟု ဗကသများ အဖွဲ့ချုပ် ဗဟို လုပ်ငန်း ကော်မတီမှ ကိုမင်းမင်းဇော်က The Messenger Media သို့ ပြောသည်။

အမျိုးသား ပညာရေး ဥပဒေကို စက်တင်ဘာလ (၃၀) ရက်နေ့က အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး၊ အဆိုပါ ဥပဒေကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကို နိုဝင်ဘာလ အတွင်းက ရန်ကုန်မြို့ တွင် ဗကသများနှင့် တကသများ ပူးပေါင်းကာ ဆန္ဒပြခဲ့ကြ သကဲ့သို့ နယ်မြို့များ တွင်လည်း ဆက်လက် ဆန္ဒပြ ခဲ့ကြသည်။ အမျိုးသား ပညာရေး ဥပဒေကို ရန်ကုန်မြို့တွင် ဆန့်ကျင် ဆန္ဒပြသည့် လေးရက်တာ ကာလ အတွင်း အလှူငွေပေါင်း ကျပ်သိန်း (၄၀) ခန့် ရရှိခဲ့ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ ထံမှ သိရသည်။

Messenger News Journal

No comments:

Post a Comment