Friday, January 2, 2015

လက်ပံတောင်း ဆန္ဒပြပွဲမှာ ABSDF ဥက္ကဋ္ဌဟောင်း ပါဝင်၍ ဝေဖန်မှုတွေထွက်ပေါ်


လက်ပံတောင်းတောင်အရေးနဲ့ ပတ်သက်လို့ မန္တလေးမြို့တော်မှာ ဇန်နဝါရီလ ၁ရက်နေ့က ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ မြောက်ပိုင်းလူသတ်မှုနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နဲ့အဖွဲ့ ပါဝင်လာခဲ့ တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ပါဝင်လာတာလား။
နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး မန္တလေးမြို့တော်မှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဒေါက်တာနိုင်အောင်နဲ့ အဖွဲ့ ပါဝင်လာခဲ့တာဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ဖြစ်နိုင်တယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်နေတယ်လို့ မန္တလေး အခြေစိုက် နိုင်ငံရေး အသိုင်းအဝိုင်းတွေ ဆီကနေ စုံစမ်းသိရှိရပါတယ်။ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နဲ့အတူ အင်အား ၃၀ကျော်ပါဝင်တဲ့ အဖွဲ့ဟာ ဆန္ဒထုတ်ဖော်မှု စတင်ပြီး မိနစ်အနည်းငယ်ကြာမှာ ဝင်ရောက်လာခဲ့တာဖြစ်ပြီး အစပိုင်းမှာ တခြားလူမှု အဖွဲ့အစည်းလို့ ယူဆခဲ့တယ်လို့ ABSDFမြောက်ပိုင်းပြန် ကျောင်းသားဟောင်းတစ်ဦး ဖြစ်သူ ဦးညီကျော်က ပြောပါတယ်။ မိနစ် အနည်းငယ်အကြာမှာ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်မှန်း သိရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
သူတို့ဟာ တစ်စုံတစ်ခုအတွက် ရည်ရွယ်ချက်တစ်ခုခု ရှိပြီး နိင်ငံရေးအမြတ်ထုတ်ဖို့ ပါဝင်လာတာ ဖြစ်နိုင်တယ်လို့ ဦးညီကျော်က သုံးသပ်ပါတယ်။

ဒေါက်တာ နိုင်အောင်နဲ့ အဖွဲ့ဟာ ဆန္ဒထုတ်ဖော်ရာသို့ လေအိတ်ကားကြီးနဲ့ ရောက်ရှိလာပြီး ဆန္ဒပြရာ လမ်းကြောင်းတလျှောက် အစအဆုံး ပါဝင်ခဲ့တာ မဟုတ်ဘူးလို့ မန္တလေးမြို့တော်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးအေးသိန်းက ပြောပါတယ်။
သူတို့အဖွဲ့မှာ မှတ်တမ်းရိုက်ကူးသူတွေ သီးသန့်ပါဝင်ပြီး ACDD အမှတ်တံဆိပ်ပါ တူညီအင်္ကျီ ဝတ်ဆင်ထားကြတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ပံတောင်း အရေးအတွက် ဇန်နဝါရီလ ၁ ရက်နေ့က ဆန္ဒထုတ်ဖော်ပွဲဟာ မန္တလေးမြို့ခံ နိုင်ငံရေးတက်ကြွ သူတွေ၊ အခြားဒေသက အဖွဲ့အစည်းတွေ၊ တောင်သူတွေ ပါဝင်ခဲပြီး ABSDF ဥက္ကဋ္ဌဟောင်းနဲ့ အဖွဲ့ပါဝင် ဆန္ဒထုတ်ဖော်တာကို ကြိုဆိုတယ်လို့ ဦးအေးသိန်းက ပြောပါတယ်။
ဒေါက်တာနိုင်အောင်ဟာ ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့က ကချင် အခြေစိုက် ABSDF(မြောက်ပိုင်း) ဋ္ဌာနချုပ်မှာ ကျောင်းသားရဲဘော်တွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦး ဖြစ်တယ်လို့ မြောက်ပိုင်းကျောင်းသားဟောင်း တစ်ချို့ စွပ်စွဲထားသူလည်း ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment