မြန်မာအစိုးရတပ်ဘက်က ခုလို ကျဆုံး စစ်သည်တွေ ရှိတယ်ဆိုရင် လက်နက်ကိုင် တိုင်းရင်းသား ညီအစ် ကို တပ်ဖွဲ့တွေဘက် မှာလည်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့မယ် ဆိုတာ အလွန်သေချာပါတယ်။ ဒါဟာ မေး စရာ မေးခွန်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေ တုန်းက သမ်္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပြည်တွင်းမှာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်တိုင်းပြည် လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် တစ်ခု လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းလုပ်ကိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း သမ္မတ ဦးသိန်းစိန် အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေက ခုလို စစ်ပွဲဆိုင်ရာ ဆုတံဆိပ်တွေကို အခမ်း အနား ကျင်းပပြီး မပေးအပ်ခဲ့တာ ဖြစ်နိုင် ပါတယ်။ ဒီလိုပွဲတွေ ကျင်းပတာဟာ တပ်မတော်ထဲက ကျဆုံးသူ တွေ၊ ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်ခဲ့သူတွေကို ဂုဏ်ပြုတာ မှန်ပေမယ့်၊ ကိုယ့်တပ်မ တော်သားတွေကို ကိုယ်စည်းရုံးတာ မှန်ပေမယ့် တစ်ဖက် တိုင်းရင်းသား ပြည်သူတွေဘက်က ကြည့်ရင် တော့ အမြင်မကောင်းတာ ဖြစ်လာနိုင်ပါတယ်။ ဒီနှစ်မှ ကျင်းပတာဟာ ငြိမ်းချမ်းရေး ဆိုတာထက် ကိုယ့်တပ်မတော်သားတွေကို ကိုယ်စည်းရုံးဖို့ ပိုအလေးထား လာတာများလား စဉ်းစားစရာပါ။
ဒါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လပိုင်းက ရန်ကုန်မှာလုပ်တဲ့ ကျဆုံးစစ်သည် အလေးပြု၊ ဂုဏ်ပြုတဲ့ပွဲတစ်ခုမှာ စစ်အာဏာရှင်ခေတ်က အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ပြောခဲ့တဲ့ စကား မှတ်သားလောက်စရာ ကောင်းပါ တယ်။ သူက အရင်ခေတ်ကို စစ်အာဏာရှင်ခေတ်လို့ ပြောလိုက် တာနဲ့ အဲဒီခေတ် တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲမှာ ကျဆုံးခဲ့သူတွေ၊ ထိခိုက် ဒဏ်ရာ ရသူတွေကို စစ်အာဏာရှင်စနစ်ကို ကာကွယ်ရင်း ကျဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့သူတွေ အဖြစ် ပြောဆိုတာဟာ အလွန်အသည်းနာစရာ ကောင်းတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ သူပြောတာ သွေးထွက်အောင် မှန်ပါတယ်။
တကယ်တော့ ဘယ်တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တွေကမှ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို အသက်ပေး ကာကွယ်မယ်ဆိုပြီး တပ်မတော်ထဲ ၀င်ကြတာ မဟုတ်ပါဘူး။ တပ်မတော် သား ဖြစ်လာတော့လည်း အာဏာရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်မယ် ဆိုပြီး အသေခံ၊ ဒဏ်ရာ အရခံပြီး တိုက်ခိုက်ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း မပြေးသော်ကန်ရာရှိ၊ တပ်မတော်ကို စစ် အာဏာရှင်တွေက သူတို့ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့အတွက် ပြောင်းလဲတည်ဆောက်၊ မျိုးချစ်စိတ် စကား လုံးလှလှတွေနဲ့ ဖုံးကွယ်ပြီး အမိန့်ပေး စေခိုင်းခဲ့တဲ့အောက် မှာ တပ်မတော်သားတွေဟာ အသေခံ၊ ဒဏ် ရာအရခံ၊ ကိုယ်လက်အင်္ဂါ အဆုံးရှုံးခံပြီး တိုက်ပွဲဝင်ခဲ့ကြရတာ ဖြစ်ပါတယ်။
အာဏာရှင်တွေဟာ တပ်မတော်ကို တကယ့် ပြည်သူ့အတွက် တပ်မတော်၊ မျိုးချစ် တပ်မတော်အဖြစ် စနစ်တကျ တည်ဆောက်ရမယ့်အစား အထက်က အမိန့်ပေး ရင် ဘာမဆို လုပ်ရမယ်ဆိုတဲ့ အမိန့်နာခံမှု တစ်ခုတည်းနဲ့ တည်ဆောက်ခဲ့တာကြောင့်လည်း တပ်မတော်သားတွေဟာ အာဏာရှင်တွေအတွက် စတေးခံရမှန်းမသိ စတေးခံခဲ့ကြရ၊ အသုံးချခံရမှန်း မသိ၊ အသုံးချခံခဲ့ရတာ ဖြစ်ပါတယ်။ မှန်ပါတယ်။ အဲဒီ စစ်ဗိုလ်ချုပ်ဟောင်း ပြောသလို တပ်မတော် သားတွေရဲ့ဘ၀ အလွန်အသည်းနာစရာ ကောင်းပါတယ်။
ဒါကြောင့် တပ်မတော်သားတွေရဲ့ အဲလို အဖြစ်မျိုးကနေ ကာကွယ်နိုင်အောင်ဆိုရင် တပ်မတော်ကို ပြည်သူ့အကျိုးစီးပွားဖော်ဆောင်တဲ့ တပ်မတော်၊ မျိုးချစ် ပြည်ချစ် တပ်မတော်၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော် ဖြစ်လာအောင် ပုံဖော်ရပါလိမ့်မယ်။ အဲလို တပ်မတော် ဖြစ်လာတာနဲ့အညီ တိုင်းပြည်မှာ ညီအစ်ကိုအချင်းချင်း သတ်ဖြတ် နေကြ တဲ့ စစ်ပွဲရပ်ဆိုင်းအောင်၊ ငြိမ်းချမ်းရေးရလာအောင် အကောင်အထည်ဖော်ရာမှာ တက်တက်ကြွကြွ ကူညီဆောင်ရွက်ကြပါ လိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လိုအပ်နေတာဟာ ညီအစ်ကိုအချင်းချင်း သတ်ဖြတ်နေကြတဲ့ စစ်ပွဲက ပေါ်ထွက်လာမယ့် သူရဲကောင်းတွေ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို ဘာအကြောက်အရွံ့မှမရှိဘဲ စွမ်းစွမ်းတမံ ဖော်ဆောင်မယ့် သူရဲကောင်းတွေ၊ တိုင်းပြည်ကို ဘက်ပေါင်းစုံ ကနေ တည်ဆောက်မယ့် တည်ဆောက်ရေး သူရဲကောင်းတွေပဲ လိုအပ်ပါတယ်။
ဒါကြောင့် ကိုယ့်အချုပ်အခြာ အာဏာပိုင်မှုကို ကာကွယ်တဲ့ နောက်ထပ် တိုက်ပွဲ၊ စစ်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားလာမှု မရှိမချင်း၊ ကိုယ့်တိုင်းရင်းသား ညီအစ်ကို အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရတဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ထပ်ဖြစ်မလာပါစေနဲ့၊ သူရဲကောင်း ဘွဲ့ရသူတွေ ထပ်ပေါ်မလာပါစေနဲ့၊ အခုလို အခမ်းအနား မျိုးတွေ ထပ်မကျင်းပကြပါနဲ့ လို့ တိုင်းပြည်အကျိုးမျှော် နှိုးဆော်လိုက်ရပါတယ်။
Mizzima
No comments:
Post a Comment