Wednesday, January 28, 2015

ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ့် အလုပ်ကို ဂုဏ်ယူတယ်။ ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားတယ်။ ဒါ့ကြောင့် ကျွန်တော် အမြဲပဲ လွယ်ထားပါတယ်

ဒေါက်တာတင်ထွန်းနှင့်တွေ့ဆုံခြင်း



ရန်ကုန်မြို့ Strand Hotel တွင် ကျင်းပသည့် Face of Myanmar 2015 ၌ လူနာများကို စမ်းသပ်ရာတွင်အသုံးပြုသည့် နားကြပ်ချိတ်ဆွဲထားသူတစ်ဦးက ဆုရမော်ဒယ် တစ်ဦးကို ကြည်နူးအနမ်းပေးလိုက်သည့်ပုံများ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ပျံ့နှံ့ပြီးနောက်ပိုင်း ယင်းအပေါ် ဝေဖန်မှုများ ဆက်တိုက်ဆိုသလို ထွက်ပေါ် လာခဲ့သည်။ နားကြပ်အမြဲတမ်းချိတ်ဆွဲထားသူက မကြာသေးမီက ကျင်းပခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲတွင် ခရိုင်စည်ပင်ဥက္ကဋ္ဌတစ်ဦး အဖြစ် ပြည်သူ လူထု က ရွေးချယ်ပေးလိုက်သူတစ်ဦးလည်းဖြစ်၊ ကျမ်းသစ္စာကျိန်ဆိုမှုနှင့် လူထုတွင်းကွင်းဆင်း စစ်ဆေးရာတွင်လည်း နားကြပ်အမြဲတမ်းတပ်ဆင်ထားမှုကြောင့် အများကသိ လိုနေရာ ကာယကံရှင်ဖြစ်သူ ဒေါက်တာတင်ထွန်းနှင့်ဆက်သွယ်ကာ သိရှိလိုသူများအတွက် မေးမြန်းလိုက်ရပါသည်။

ဒေါက်တာခင်ဗျာ။ ခုဆိုရင် ဒေါက်တာ့အပေါ်မှာ ပြောဆိုဝေဖန်မှုတွေရှိနေကြပါတယ်။ အထူးသဖြင့်တော့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ အပေါ်မှာပါပဲ။ ဒေါက်တာက ကြည် နူး အနမ်းပေးလိုက်တာကလည်း ဒေါက်တာ့ရဲ့သမီးရင်းဖြစ်နေတဲ့အတွက် ဝေဖန်မှုတွေကတော့ နောက်ပိုင်းမှာ လျော့ကျသွားပါတယ်။ ဒီအပေါ်မှာ ဒေါက်တာ ဘာပြော လိုပါ သလဲခင်ဗျ။

ဖေ့စ်ဘွတ်ခ်စကားလုံးအတိုင်းပြောရရင် ဒီအပေါ်မှာ ကျွန်တော် Comment ပေးစရာအထူးတလည် မရှိပါဘူး။

ဟုတ်ကဲ့ပါ။ ဒေါက်တာက အမြဲတမ်း လူနာစမ်းသပ်ရာမှာ အသုံးပြုတဲ့နားကြပ်ကို ပခုံးပေါ်မှာ အမြဲတမ်းလွယ်ထားတယ်နော်။

ဟုတ်ပါတယ်။ ဆရာဝန် စဖြစ်ကတည်းက ခုချိန်ထိပဲ ဆိုပါတော့။

ဘာဖြစ်လို့ ဒီလို လွယ်ထားတာလဲဗျ။

ကျွန်တော်ဟာ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် ဆရာဝန်တစ်ယောက်ကိုင်ဆောင်ရတဲ့ အသုံးအဆောင်ကို ကိုင်တဲ့သဘောပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့် အလုပ်ကို ဂုဏ်ယူတယ်။ ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားတယ်။ ဒါ့ကြောင့် ကျွန်တော် အမြဲပဲလွယ်ထားပါတယ်။

ပွဲလမ်းသဘင်တွေ၊ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွေကအစ ဒီနားကြပ်ကို မချွတ်ဖူးပေါ့။

ဟုတ်ပါတယ်။ ကျွန်တော်က ဈေးသွားဝယ်တဲ့အခါပဲ ဖြစ်ဖြစ်၊ အခု ခရိုင်စည်ပင်ဥက္ကဋ္ဌအဖြစ်နဲ့ ကွင်းဆင်းဆောင်ရွက်တာပဲ ဖြစ်ဖြစ် ဒီနားကြပ်ပါတယ်။ သဘောကတော့ ကျွန်တော် ဆရာဝန်တစ်ဦးဆိုတာကို သိစေချင်တဲ့ သဘောပါ။ ဒီလိုမျိုးသိစေချင်တာကလည်း ကျွန်တော်က ကုသိုလ်လိုချင်လို့ပါ။ ကျွန်တော့်ကို ဆရာဝန်မှန်းသိရင် သူတို့ ရဲ့ရောဂါအခက်အခဲတွေကို ကျွန်တော်နဲ့ လာတိုင်ပင်မယ်။ ကျွန်တော်က ကုပေးမယ်။ ဒီတော့ သူတို့ ရောဂါတွေ ပျောက်ကင်းတာပေါ့ဗျာ။ ဥပမာလေးတစ်ခု ကျွန်ေ တာ် ပြောပါရစေ။ ကျွန်တော် City Mart ကို ဈေးသွားဝယ်တဲ့အခါမှာ အမျိုးသမီးတစ်ဦး မူးလဲသွားတယ်။ အဲဒီအခါမှာ လုံခြုံရေးဝန်ထမ်းက ကျွန်တော် နားကြပ် ဆွဲ ထားတာမြင်တော့ ကျွန်တော့်ဆီကိုလာပြီး အကူအညီတောင်းတယ်။ ကျွန်တော်ကုပေးလိုက်တာ ပျောက်သွားတယ်။ ဒါ ကျွန်တော် နားကြပ်ဆွဲထားလို့ပေါ့။ မဟုတ်ရင် ဘယ်သိကြမလဲ။

ဒီလိုမျိုးနားကြပ်ဆွဲထားတဲ့အပေါ်ကို သူငယ်ချင်း မိတ်ဆွေဆရာဝန်တွေက ဘာပြောကြသလဲ။

မလုပ်ဖို့ တားတဲ့ သူငယ်ချင်း တွေ ရှိသလို့ လုပ်တဲ့အတွက် ဝေဖန်တဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ တချို့ကလည်းဒီလိုမျိုးမလုပ်ချင်ကြဘူး။ ရှက်တာလည်း ပါတာပေါ့ ဗျာ။ဒါရှက်စရာအလုပ် မဟုတ်ဘူး။ ကျွန်တော်က ဒီအလုပ်နဲ့ ပိုက်ဆံရှာနေတာမဟုတ်ဘူး။ ကုသိုလ်ရှာနေတဲ့အတွက် ဒီလိုမျိုးဆွဲထားတာကို ကျွန်တော်က ရှက်စရာလို့ မ သတ်မှတ်ထားဘူး။ နောက်တစ်ခု ကျွန်တော်ခရိုင်စည် ပင်ဥက္ကဋ္ဌအဖြစ် ဘာဖြစ်လို့ ဝင်ရွေးခဲ့သလဲဆိုတာကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော် ကုသိုလ်လိုချင်လို့ ဝင်ပြိုင် တာ။ ကျွန်တော် အာဏာလိုချင်လို့ ဝင်ပြိုင်တာ မဟုတ်ဘူး။

မင်းသုအောင် တွေ့ဆုံမေးမြန်းသည်။
Popular Myanmar News Journal

No comments:

Post a Comment