“ဖမ်းဆီးတုန်းက သူ့ကိုအမျိုးသမီးပဲ ထင်ခဲ့တာ၊ ရုပ်ရော အသံရော တကယ့် မိန်းကလေး အတိုင်းပဲလေ၊ ရဲစခန်းမှာလည်း ထိန်းသိမ်းခဲ့တဲ့ ၂ ရက်လုံး အမျိုးသမီး အဆောင်မှာ ထားခဲ့တာ၊ အင်းစိန်ထောင်ကို လွှဲတော့လည်း အမျိုးသမီး အချုပ်ဆောင်မှာ ထားခဲ့တာပဲ၊ တစ်ပတ်ကြာလို့ တရားရုံးထုတ်ပြီး အင်းစိန်ထောင် ပြန်အပို့မှ ယောက်ျားကြီး ဖြစ်နေမှန်း စစ်ဆေးပေါ်ပေါက်ခဲ့တာ” ဟု ဒေါပုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ အမျိုးသမီး အစစ်နှင့် မှားယွင်းကာ ထိန်းသိမ်းခံရသူမှာ ပန်းဘဲတန်း မြို့နယ် ၂၈ လမ်းတွင် နေထိုင်သူ သော်တာထွန်း ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့က ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် ဝါဆို ကားမှတ်တိုင် အနီးတွင် အမျိုးသားများနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် မြူဆွယ် လုပ်ကိုင်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ပြည့်တန်ဆာ ပုဒ်မ ၇(၁)(က) ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
“စခန်းကနေ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တရားရုံးမှာ အမှုစွဲတင်ပြီး အင်းစိန်ထောင် လွှဲပေးခဲ့တာ၊ မနေ့ကမှ အင်းစိန်ထောင်က ဒီလူက ယောက်ျားစင်စစ်ကြီး ပြောလို့ သိခဲ့ရတာ၊ သူ့ပုံစံက တကယ့် မိန်းမအတိုင်းပဲ၊ တစ်ခါမှ ဒီလိုဖြစ်ရပ်မျိုး မကြုံဖူးဘူး” ဟု ဒေါပုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်လွင်က ဆိုသည်။
“အင်းလျား ကန်ပေါင်ပေါ်က မိန်းမလျာတွေကို မြင်ဖူးတယ်၊ အမျိုးသမီးတွေထက် လှတယ် ဆိုပေမယ့် မိန်းမလျာဆိုတာ အလွယ်တကူ သိရနိုင်ပေမယ့် အခုဖမ်းဆီး အရေးယူခဲ့သူက တကယ့်မိန်းမ အတိုင်းပဲ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စတွေကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို တင်ပြထားတယ်၊ ညွှန်ကြားချက်ရတာနဲ့ သတင်းထုတ်ပြန် ပေးသွားပါ့မယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment