Tuesday, January 20, 2015

ကမ္ဘာကျော် ဘောလုံးသမားများကို ကျော်ဖြတ်၍ ကျော်ကိုကို ကမ္ဘာ့ထိပ်တန်း ဂိုးသွင်းရှင် အဆင့် ၇ ချိတ်


နိုင်ငံတကာ ဘောလုံးသမိုင်းနှင့် စာရင်းအင်းအဖွဲ့ (IFFHS) ၏ ၂၀၁၄ ခုနှစ်အတွင်း ထိပ်တန်း ဂိုးသွင်းရှင် စာရင်းတွင် ကမ္ဘာကျော် ကစားသမားများကို ကျော်ဖြတ်၍ မြန်မာ့လက်ရွေးစင် အသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်း တိုက်စစ်မှူး ကျော်ကိုကိုက အဆင့်ခုနစ်ရခဲ့ကြောင်း IFFHS က ထုတ်ပြန်လိုက်သည်။မြန်မာ့လက်ရွေးစင် ကစားသမား တစ်ဦးဖြစ်ပြီး ရန်ကုန် ယူနိုက်တက်အသင်း၏ အဓိက ကစားသမား ကျော်ကိုကိုသည် လက်ရွေးစင် အသင်းအတွက် ခြောက်ဂိုး၊ အာရှကလပ်အသင်း ပြိုင်ပွဲဖြစ်သည့် AFC Cup ပြိုင်ပွဲတွင် ရန်ကုန် ယူနိုက်တက်အသင်းအတွက် ခြောက်ဂိုး၊ စုစုပေါင်း ၁၂ ဂိုး သွင်းယူနိုင်ခဲ့သောကြောင့် အဆင့်ခုနှစ်နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။

ကျော်ကိုကိုသည် ကမ္ဘာ့အဆင့်ရှိသည့် နာမည်ကျော် ကစားသမားများ ဖြစ်သည့် ဗန်ပါစီ၊ ဂါရတ်ဘေး၊ ဂျိမ်းရိုဒရီဂွတ်၊ မာရီယိုဂေါ့ဇီ၊ မန်ဇူကစ်၊ အာဂျန်ရော်ဘင်၊ လီဝန်ဒေါစကီး၊ ကာဗာနီ၊ ရွန်နီ၊ ရှကီရီ၊ ရှာရယ်၊ ဝဲဘက်၊ ဟန်တယ်လာ၊ တမ်ကာဟေး၊ ဂရစ်မန်း၊ ဆွာရက်၊ အလက်ဆစ် ဆန်းချက် အစရှိသည့် ကစားသမားများကို ကျော်ဖြတ်ပြီး အရှေ့တောင်အာရှနှင့် အာရှအတွင်း အမြင့်ဆုံးအဖြစ် ရပ်တည် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့အရပ်ရပ်ရှိ အကောင်းဆုံး လိဂ်ပြိုင်ပွဲများတွင် မြန်မာ နေရှင်နယ်လိဂ်မှာ အဆင့် ၁၁၆ တွင် ရပ်တည်နိုင်ခဲ့ပြီး ရန်ကုန် ယူနိုက်တက်အသင်းမှ ဘရာဇီး တိုက်စစ်ကစားသမား ဆီဇာမှာမူ အဆင့် ၅၂ သာ ရရှိခဲ့သည်။

မြန်မာ ကစားသမားတစ်ဦး အနေဖြင့် ကမ္ဘာကျော် ကစားသမားများကို ကျော်ဖြတ်၍ အဆင့် ၇ နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမတ္တရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ကလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ချီးကျူးဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံက ထိပ်တန်းတိုက် စစ်မှူးတစ်ဦးက ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေမှာ ကမ္ဘာကျော် တိုက်စစ်မှူးတွေထဲမှာ နံပတ် ၇ ချိတ်တယ်ဆိုတဲ့ မှတ်တမ်းကတော့ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်နေဦးမှာ သေချာပါတယ်” ဟု မှူးဇော်က ဂုဏ်ပြု ဖော်ပြထားသည်။

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် လက်အောက်တွင် ကျင်းပသည့် ဖီဖာကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ၊ ဥရောပ ချန်ပီယံလိဂ်၊ တောင်အမေရိက ချန်ပီယံလိဂ်၊ အမေရိက ချန်ပီယံလိဂ်၊ အာရှချန်ပီယံလိဂ်၊ AFC Cup ပြိုင်ပွဲများနှင့် နိုင်ငံအသင်း ပြိုင်ပွဲများတွင် သွင်းယူသည့် ဂိုးများကိုသာ တွက်ချက်ခြင်း ဖြစ်ပြီး ပြည်တွင်းလိဂ်ပွဲစဉ် များကို ထည့်သွင်း မတွက်ချက်ကြောင်း IFFHS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆုရ ပေါ်တူဂီအသင်းနှင့် ရီးယဲလ်မက်ဒရစ် အသင်း၏ နာမည်ကျော် ကစားသမား စီရော်နယ်ဒိုသည် သွင်းဂိုး ၂၀ ဖြင့် ပထမဆု ရယူနိုင်ခဲ့ကာ ၎င်း၏နောက်တွင် နေမာ၊ မက်ဆီ၊ အဆာမိုဂျန်၊ ဘန်ဇီမာ၊ သောမတ်မူလာ၊ ကျော်ကိုကို၊ အယ်ရှာရာနီ၊ ဗန်ပါစီ၊ ဂါရတ်ဘေးတို့ အစဉ်လိုက် ရပ်တည်ခဲ့သည်။

International Federation of Footall History & Statistics (IFFHS) ကို ၁၉၈၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကာ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများ၊ အသင်းများ၊ ကစားသမားများ၏ မှတ်တမ်းများကို စာရင်းပြုစုပေးသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

The Voice Weekly

No comments:

Post a Comment