ယင်းလမ်းပိုင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့က စတင်ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူအချို့က ပြောကြားသည်။
အဆိုပါ လမ်းပိတ်ပင်မှုကြောင့် KIO နှင့် တပ်မတော်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ အောင်ဘာလေကျေးရွာနှင့် ယင်းကျေးရွာအနီးရှိ ရွာနှစ်ရွာ အပါအဝင် စုစုပေါင်းသုံးရွာ ပိတ်မိနေကြောင်း ယင်းဒေသခံများက ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အဆင့် ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တွင် ပါဝင်သော KIO/KIA အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး နော်လီထံ ဆက်သွယ်မေးမြန်းရာ တိုက်ပွဲကြောင့် ပိတ်မိနေသော ရွာသားများကို လာရောက်ကူညီသော လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များကို တပ်မတော်က သွားလာခွင့် ပိတ်ထားကြောင်း၊ တပ်မတော်၏ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကြောင့် အောင်ဘာလေရွာနှင့် ယင်းရွာအနီးရှိ ကျေးရွာနှစ်ရွာ ပိတ်မိနေကြောင်း ၎င်းကဆိုသည်။
ယင်းတိုက်ပွဲများကြောင့် ပိတ်မိနေသော ကျေးရွာများရှိ စစ်ဘေးဒုက္ခသည်များသည် နီးစပ်ရာ ဘာသာရေးကျောင်းများနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေပြီး မကြာမီကာလတွင် အစားအသောက်ရိက္ခာ ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ ဦးစာဂျီက ပြောကြားသည်။
ဇန်နဝါရီ ၁၄ ရက်နေ့က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး ဦးကမန်းဒူးနော်နှင့် အတူ လုံခြုံရေး လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေ တပ်ရင်း (၆) က ဖားကန့်-ဂွေခါးလမ်းပိုင်း၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment