
တိုက်ခိုက်မှုမှာ ဖေဖော်ဝါရီ ၁၈ ရက်အစောပိုင်းက ဖြစ်ပြိး မည်သည့်အဖွဲ့အစည်း၏ လေယာဉ်ဖြစ်မှန်း မသိရသေးကြောင်း ဌာနေ တာဝန်ရှိသူများနှင့် လူသားချင်း စာနာထောက်ထားရေး အသင်းအဖွဲ့များက ပြောသည်။ဘိုကိုဟာရမ် အစွန်းရောက်များနှင့် တိုက်ပွဲဆင်နေရသည့် နိုင်ဂျီးရီးယားနိုင်ငံကလည်း ယင်းတိုက်ခိုက်မှုသည် ၎င်းတို့နှင့် မပတ်သက်ကြောင်း ငြင်းဆိုထားသည်။
“ဒီကိစ္စက ကျွန်တော်တို့ ဖက်က မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆီကလူတွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ သတင်းလည်း တစ်စိုး တစ်စိမှ မကြားရပါဘူး” ဟု နိုင်ဂျီးရီးယား လေတပ် ပြောရေးဆိုခွင့်ရှိသူ လေတပ် ဗိုလ်မှူးချုပ် ဒီလီအလွန်က ပြောသည်။

အဆိုပါ လေယာဉ်၏ တိုက်ခိုက်မှုတွင် သေဆုံးသူ ၃၂ ခန့် ရှိကြောင်း၊ ဒဏ်ရာရသူ ၂၀ ရှိကြောင်း ဌာနေ တာဝန်ရှိသူများက ပြောသည်။
နိုင်ဂျာနိုင်ငံသည် ဒေသတွင်း ဘိုကိုဟာရမ် အစွန်းရောက်များကို တန်ပြန်တိုက်ခိုက်မှုတွင် ပါဝင်ဆင်နွဲနေသည့် နိုင်ငံဖြစ်သည်။
နိုင်ဂျီးရီးယားနယ်စပ်နှင့် အိမ်နီးချင်းနိုင်ငံများတွင် စစ်ဆင်ရေးများဖြင့် ထိုးနှက်တိုက်ခိုက်လျက်ရှိသည့် ဘိုကိုဟာရမ်အဖွဲ့ကို နိုင်ဂျာနိုင်ငံက ဗုံးဖောက်ခွဲမှုများအတွက်လည်း လက်သည်တရားခံအဖြစ် အပြစ်တင်မှုများ ရှိထားသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းကလည်း နိုင်ဂျီးရီးယားနယ်စပ် ဒက်ဖာဒေသတွင်း ဘိုကိုဟာရမ်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိရသည့် လူပေါင်း ၁၅၀ ကျော်ကို နိုင်ဂျာ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖမ်းဆီးခဲ့သည်။
REF : PRESS TV
Mizzima
No comments:
Post a Comment