ကြက်ခြေနီ၊ ဒုက္ခသည်၊ သတင်းထောက်များပါ ကြက်ခြေနီယာဉ်ကို ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က နာရီဝက်ခန့်ကြာ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်မှုတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သော 7Day သတင်းထောက်များ၏ သတင်းပေးပို့ချက်
ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ပို့ရန် လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − ပြည့်ဖြိုးမောင်)

ကြက်ခြေနီအလံ ထောင်ထားပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ဒုက္ခသည်နှင့် သတင်းထောက်အချို့ လိုက်ပါလာသော ယာဉ်တစ်စီးကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင်ကိုးကန့်တိမ်းရှောင်အဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့သဖြင့် လေးဦးဒဏ်ရာရရှိခဲ့သည်။
ကြက်ခြေနီအလံ လွှင့်ထား ပြီး ဖိုးဝှီးကားအဖုံးပေါ်တွင်လည်း ကြက်ခြေနီအလံ တပ်ဆင်ထား သည့် ထိုယာဉ်သည် လောက်ကိုင် မြို့မှ ချင်းရွှေဟော်သို့ပြန်လာစဉ် လုံထန်ရွာအနီး၌ ပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ပြီး လက်နက်ကြီး ငါး ချက်ထက်မနည်း အပါအ၀င် လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့သဖြင့် ကားပေါ်ပါလာ သူများအနက် လေးဦး ဒဏ်ရာရရှိသွားသည်။
ကြက်ခြေနီတပ်ဖွဲ့ဝင် နှစ်ဦး၊သတင်းထောက် ငါးဦးနှင့် ယာဉ် မောင်းတစ်ဦး၊ စုစုပေါင်းရှစ်ဦးစီးနင်းလာသည့် ဖိုးဝှီးယာဉ်သည် လောက်ကိုင်မြို့မှ မွန်းလွဲ ၁ နာရီကျော်တွင်ထွက်လာပြီး လမ်းခရီး၌ တရုတ်နယ်စပ်မှ ထွက် ပြေးတိမ်းရှောင်လာသည့် တစ်နှစ်သားအရွယ်နှင့် လေးနှစ်သား အရွယ် ကလေးငယ် နှစ်ဦး၊ ကလေးမိခင် နှစ်ဦးနှင့် လူငယ် တစ်ဦးတို့ကို တင်ဆောင်လာခဲ့ပြီး ချင်းရွှေဟော်သို့ ထွက်ခွာလာရာ လုံထန်ရွာအနီးတွင် ဘေးဘယ် ညာညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခံ ခဲ့ရခြင်းဖြစ်သည်။
ဘောလုံးကွင်း တစ်ကွင်း ထိပ်နှစ်ဖက်ခန့်ရှိမည့် ခန့်မှန်းအကွာအဝေးရှိ နေရာတောင်ကုန်းပေါ်မှ လက်နက်ကြီးဖြင့် ငါးချက်ထက်မနည်းပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာတရစပ်ပစ်ခတ်ခဲ့သဖြင့် ထိုနေရာအနီးရှိ ချုံများနှင့် ကမူများဘေးသို့ တိုးဝင်ကာ မလှုပ်မယှက် နှစ်နာရီကြာငြိမ်သက်နေခဲ့ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် 7Day သတင်းထောက်ကပြောကြားသည်။
ဒဏ်ရာရရှိသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံများ − ပြည့်ဖြိုးမောင်)
‘‘အစတော့ ကလေးတွေကတအားငိုတာ၊ တစ်နှစ်သားအရွယ် ကလေးလေးက အရမ်းငိုနေတော့ မငိုအောင် အမေလုပ်သူက နို့တိုက်လိုက်ပြီး လေးနှစ်သားလေး ကိုတော့ အသံမထွက်အောင် အမေလုပ်သူက ရင်ခွင်ထဲက အနွေးထည်နဲ့ ညှပ်ပြီး အသံမ ထွက်အောင် လုပ်ထားရတာ’’ဟု 7Day သတင်းထောက် ကိုအောင်ခိုင်က ပြောသည်။
၎င်းမိခင်နှစ်ဦးအနက် တစ်ဦးသည် တင်ပါးတွင် လက်နက်ကြီးပေါက်ကွဲစထိမှန်ကာ ဒဏ်ရာရရှိထားလျက်နှင့်ကလေးငယ်ကို အသံမထွက်အောင် နို့တိုက်ချော့ခဲ့ခြင်းဖြစ်သည်။
စတင်ပစ်ခတ်ခံရစဉ်က ကားပေါ်တွင် ၁၃ ဦးစလုံး တစုတစည်းတည်းရှိနေကြသော်လည်း ခေတ္တအကြာတွင် ဘေးလွတ်မည်ဟု ယူဆရသည့် ချုံများ၊ ကမူများတွင် အကာအကွယ်ယူပြီး တစ်ယောက်ပေါ် တစ်ယောက်ထပ်ကာ ၀ပ်နေခဲ့ရပြီး လုံးဝမလှုပ်ရဲခဲ့ကြပေ။
လက်တွင်ဒဏ်ရာရရှိခဲ့သော MRTV-4 မှ သတင်းထောက် မြတ်သီဟမောင်အား ဆေးတပ်ဖွဲ့က ကုသပေးနေစဉ် (ဓာတ်ပုံများ − ပြည့်ဖြိုးမောင်)
‘‘ကြုံသလိုပစ်တာ မဟုတ်ဘူး။ ဘယ်ညာကနေ စနစ်တကျပစ်တာ။ ကိုးကန့်တပ်ဖွဲ့က ပစ်တာသေချာတယ်’’ ဟု 7Day သတင်းထောက်က ပြောသည်။


No comments:
Post a Comment