
ပြင်သစ်လေတပ်မှ ရဟတ်ယာဉ်များကို မတ် ၂၄ ရက်က လေယာဉ်ပျက်ကျခဲ့သည့် နေရာအနီးတွင် တွေ့ရစဉ်
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှ ဂျာမနီနိုင်ငံ ဒူးဆဲဒေါ့ဖ်မြို့သို့ ပျံသန်းသည့် Airbus A320 လေယာဉ်သည် ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းရှိ Barcelonnette ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်လေးစုအတွင်း ပြင်သစ်တွင် ဖြစ်ပွားသော အဆိုးရွားဆုံး လေယာဉ်မတော်တဆမှု ဖြစ်ခဲ့သည်။
လေယာဉ်အမှုထမ်း ခြောက်ဦးနှင့် ခရီးသည် ၁၄၄ ဦး ပါဝင်သည့် ယင်းလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၄၇ မိနစ်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း၊ သို့သော် လေယာဉ်အမှုထမ်းများက ဘေးအန္တရာယ်ကျရောက်မှု သတင်းပေးပို့ချက် မပေးပို့ခဲ့ကြောင်း ပြင်သစ်လေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ခရီးသည်အများစုသည် စပိန်နှင့် ဂျာမန်များဖြစ်ကြပြီး ကျောင်းခရီးစဉ်အဖြစ် ခရီးထွက်လာကြသော ဂျာမန်ဆယ်ကျော်သက် ၁၆ ဦးပါဝင်ကြောင်း စပိန်အာဏာပိုင်များက ပြောကြားခဲ့သည်။
စရိတ်နည်းလေကြောင်းလိုင်း Germanwings သည် လေကြောင်းလိုင်း၏ သမိုင်းတွင် ပထမဆုံး လေယာဉ်ပျက်ကျမှုကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ပြင်သစ်တွင် ၁၉၇၄ ခုနှစ်က တူရကီလေကြောင်းလိုင်း ပျက်ကျမှုကြောင့် လူ ၃၄၆ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြင်သစ်တွင် Les Trois Eveches ဟု သိကြသည့် တောင်တန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၆ဝဝ တွင်ရှိပြီး လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့သည့် ယင်းနေရာသို့ ရဟတ်ယာဉ်များ စေလွှတ်ထားကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဂျမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ် က လေယာဉ်ပျက်ကျမှုသတင်းအတွက် တုန်လှုပ်ခဲ့ရကြောင်း ပြောကြားခဲ့ပြီး မတ် ၂၅ ရက်တွင် လေယာဉ်ပျက်ကျသည့်နေရာသို့ သွားရောက်မည်ဟု ပြောကြားခဲ့သည်
Eleven Media Group
No comments:
Post a Comment