Saturday, April 25, 2015

နီပေါနိုင်ငံတွင် အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်၊ လူတစ်ထောင်ကျော်သေဆုံး


ဧပြီ ၂၅ ရက်က နီပေါနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် မြို့တော် ခတ္တမန္ဒူ၌ အဆောက်အအုံအပျက်စီးများကြားမှ အမျိုးသားတစ်ဦး လွတ်မြောက်ရန် ဝိုင်းဝန်းကူညီနေကြစဉ် (ဓာတ်ပုံ − အီးပီအေ)

နီပေါနိုင်ငံတွင် ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်က အင်အားပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်သွားပြီး လူပေါင်း ၁,၄၀၀ ကျော် သေဆုံးကာ နောက်ထပ်လူအများအပြားမှာ အပျက်အစီး များအောက် ပိတ်မိနေ၍ စိုးရိမ် နေကြသည်။နီပေါနိုင်ငံ၏ ဒုတိယအကြီး ဆုံးမြို့ ပိုခါရာမှ မိုင် ၅၀ အကွာ ဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၉ မဂ္ဂနီကျု့ဒ် ငလျင်ကြောင့် နိုင်ငံတစ်ဝန်း အ ပျက်အစီး ကြီးမားခဲ့ပြီး ငလျင်တုန်ခါမှုမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်းအထိ ကျယ်ပြန့်သက်ရောက်ခဲ့ သည်။

ယင်းအတွက် ၈၁ နှစ်အတွင်း ဆင်းရဲသော ဟိမ၀န္တာဒေသ နိုင်ငံတွင် အဆိုးရွားဆုံး လှုပ်ခတ်သည့် ငလျင်မှာ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ပါ အပျက်အစီးများ ဖြစ်ပေါ်စေခဲ့သည်။
ကြီးမားသော မြေငလျင်ဖြစ်ပေါ်ပြီးနောက် ခတ္တမန္ဒူမြို့ ဘာရှာတာပါဒါဘာရင်ပြင်တွင် ပျက်စီးနေသော ဘုရားကျောင်းအပြင်ဘက်၌ ၎င်းတို့၏ ပစ္စည်းပစ္စယများနှင့်အတူ ထိုင်နေကြသူများ (Navesh Chitrakar/Reuters)

မြေငလျင်မှာ မြေအောက် အလွန်တရာ မနက်သောနေရာ တွင် ဖြစ်ပေါ်ခဲ့၍ ဗဟိုချက်နှင့်နီး သော ဒေသများ၌ အင်အားကြီးမားခဲ့သည်။ ငလျင်ဒဏ်ကြောင့် မြို့တော်ခတ္တမန္ဒူ၏ သမိုင်းဝင် ၁၉ ရာစု မျှော်စင်ကြီး ပြိုကျသွားခဲ့ပြီး ဧ၀ရက်တောင်ပေါ်တွင်လည်း နှင်းထုပြိုကျမှုများ ဖြစ်ပေါ်၍ အသက်ဆုံးရှုံးမှုများရှိခဲ့သည်။

သေဆုံးသူအများစုမှာ ခတ္တ မန္ဒူမြို့တော်တစ်ဝိုက်တွင် အများဆုံးဖြစ်ပြီး တောင်ထူထပ်သော အခြားဒေသများ၌ အသေအပျောက် စာရင်း မရရှိသေးပေ။

‘‘လူရာပေါင်းများစွာ သေဆုံးမယ်လို့ စိုးရိမ်နေကြတယ်။ အဆောက်အအုံ ပျက်စီးမှုတွေ လည်း ကြီးမားတယ်။ ပျက်စီးမှု တွေ ဒေသတချို့မှာသာ ဖြစ်ပေါ် တာမဟုတ်ဘဲ တစ်နိုင်ငံလုံးနီးပါး ထိခိုက်ခဲ့ပါတယ်’’ ဟု နယူးဒေလီ မြို့ နီပေါသံရုံးမှ ဒုတိယအကြီးအ ကဲ ပရာဆက်ဒါကယ်လ်က ပြော ကြားသည်။

မြေငလျင်ကြောင့် ဧ၀ရက် တောင်ပေါ်တွင် နှင်းထုပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး လူ ၁၈ ဦး သေဆုံးခဲ့ သည်ဟု ခရီးသွားလုပ်ငန်း အရာ ရှိတစ်ဦးက ပြောကြားသည်။ ဧ၀ရက်တောင်ခြေ အခြေစိုက်စခန်းမှာလည်း မြေငလျင်ဒဏ် ခံစားခဲ့ရသည်။ သေဆုံးသူစာရင်း မြင့်တက်လာနိုင်ပြီး ယင်းတွင် နိုင်ငံခြားသားများနှင့် တောင်တက် လမ်းပြ ရှားပါးလူမျိုးများလည်း ပါဝင်နိုင်သည်ဟု ၎င်းက ဆက် လက်ပြောသည်။

အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် နေအိမ်တစ်လုံးမှ သေဆုံးသူတစ်ဦး၏ အလောင်းကို သယ်ထုတ်လာကြစဉ် (Navesh Chitrakar/Reuters)

မြေငလျင် လှုပ်ခတ်ပြီး နောက် စိုးရိမ်ကြောက်ရွံ့နေသော ဒေသခံများမှာ လမ်းပေါ်တွင် ထွက်နေကြပြီး မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ပြတ်တောက်ခဲ့သည်။

မြို့တော် လေဆိပ်တွင် လည်း ပျက်စီးမှုသတင်းများ ထွက်ပေါ်ခဲ့၍ ကယ်ဆယ်ရေးလုပ်ငန်း များ ထိခိုက်နိုင်ကြောင်းသိရသည်။

ထရပ်ကားများနှင့် အပြည့် တင်ဆောင်ထားသော အလောင်း များဆေးရုံသို့ ရောက်ရှိလာသည် ဟု ခတ္တမန္ဒူမြို့မှ ဓာတ်ပုံဂျာနယ် လစ် ပက်ထရစ်အဒမ်စ်က ပြော ကြားသည်။ မြေငလျင်ဗဟို ချက်မှ အပျက်အစီး အတိုင်းအတာကို အနည်းငယ်သာ ကြားသိရ၍ သေဆုံးသူစာရင်း မြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။

ငလျင်လှုပ်ခတ်ပြီး နာရီ ပေါင်းများစွာအထိ နောက်ဆက်တွဲငလျင်များ အကြိမ်ကြိမ်လှုပ် ခတ်ခဲ့သည်။ အနည်းဆုံးလူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့သည်ဟု နီပေါအစိုးရက အတည်ပြုကြောင်း စီအင်န်အင်န်သတင်းဌာနက ဧပြီ ၂၅ ရက် ည ၁၁ နာရီတွင် ဖော်ပြသည်။ သေဆုံးမှုအရေအတွက် ဆက်တိုက်တိုးလျက်ရှိပြီး ယခုအရေအတွက်ထက်ပင် ထပ်မံတိုးရန်ရှိနေသေးသည်။

မြို့တော်ခတ္တမန္ဒူတွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အအုံတစ်ခုကို မြင်တွေ့ရစဉ် (Navesh Chitrakar/Reuters)

ငလျင်ကြောင့် အိန္ဒိယနိုင်ငံ တွင် ၃၆ ဦး၊ တရုတ်နိုင်ငံတွင် ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ်တွင်လေးဦးနှင့် တိဗက်တွင်ခြောက်ဦး သေဆုံးခဲ့ ကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြသည်။

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်ပေါ်တွင် နွေဦးရာသီ၌ ခရီးကြမ်းနှင်ရေးနှင့် တောင်တက်ရာသီတွင် နိုင်ငံခြားခရီးသွား သုံးသိန်းခန့် နီပေါနိုင်ငံတွင် ရောက်ရှိနေသည်ဟု ခန့်မှန်းထားသည်။ စိုးရိမ်ပူပန်သော မိတ်ဆွေများနှင့် ဆွေမျိုးများထံမှ ဖုန်းခေါ်ဆိုမှုကြောင့် နီပေါတာဝန်ရှိသူများ မနိုင်မနင်းဖြစ်နေကြသည်။

ယခုအခါ နီပေါအစိုးရက အရေးပေါ်အခြေအနေ ကြေညာ ထားပြီး ဒုတိယ၀န်ကြီးချုပ် ဘမ် ဒက်ဂေါတမ်က နိုင်ငံတကာမှ လူသားချင်းစာနာရေး အကူအညီ များ ပန်ကြားထားသည်။

ငလျင်ကယ်ဆယ်ရေး လုပ် ငန်းများအတွက် အိန္ဒိယနိုင်ငံက တပ်ဖွဲ့များကယ်ဆယ်ရေး ပစ္စည်း များကို လေယာဉ်များဖြင့် ပို့ ဆောင်နေသည်။ အိန္ဒိယ၀န်ကြီး ချုပ် နာရန်ဒရာမိုဒီကလည်း နီပေါနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့များ၊ အကူအညီများ ချက်ချင်းပေးပို့ရန် ညွှန်ကြားထားသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ရှိသော ကုန်းတွင်းပိတ်နီပေါနိုင်ငံသည် စွန့်စားမှု နှစ်သက်သော ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာဒေသဖြစ်ပြီး သဘာဝဘေးအန္တရာယ် အများအပြားခံစားရသော နိုင်ငံလည်းဖြစ်သည်။ နီပေါတွင် ၁၉၃၄ ခုနှစ်က လှုပ်ခဲ့သော မြေငလျင်ကြောင့် လူ ၈,၅၀၀ သေဆုံးခဲ့၍ နှစ် ၈၁ အကြာ၌ အင်အားကြီးငလျင် ထပ်မံလှုပ်ခြင်းဖြစ်သည်။

Ref: Reuters/BBC/Guardian/CNN
7Day Daily

No comments:

Post a Comment