Wednesday, April 8, 2015

ရေနီမြို့ SUMEC အထည်ချုပ်စက်ရုံပိုင်ရှင်မှ အလုပ်သမားများ တောင်းဆိုထားသော အခြေခံလစာ ကျပ် ၆၀၀၀၀ လိုက်လျောမှုမရှိဘဲ တစ်ရက်လျှင် ကျပ် ၁၀၀ သာ တိုးပေးသဖြင့် အလုပ်သမားများ အလုပ်ထွက်


လစာတိုးမြှင့်ရရှိရေး တောင်းဆိုနေသည့် ရေနီမြို့ SUMEC အထည်ချုပ်စက်ရုံ အလုပ်သမားများအား ဧပြီ ၇ ရက်က တွေ့ရစဉ်

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရေနီမြို့ SUMEC အထည်ချုပ် စက်ရုံပိုင်ရှင်မှ အလုပ်သမားများ တောင်းဆိုထားသော အခြေခံလစာ ကျပ် ၆ဝဝဝဝ ကို လိုက်လျောမှုမရှိဘဲ တစ်ရက်လျှင် ကျပ် ၁ဝဝ သာ တိုးပေးသဖြင့် ဧပြီ ၈ ရက်တွင် အလုပ်သမားများ အလုပ်ထွက်လိုက်ကြောင်း သိရသည်။အထည်ချုပ်လုပ်သား ၇ဝဝ ခန့်မှ အခြေခံလစာ တိုးမြှင့်ပေးရန်အတွက် ဧပြီ ၄ ရက်မှ ၇ ရက်အထိ စက်ရုံဝင်းအတွင်း အလုပ်မဆင်းဘဲ ဆန္ဒပြ တောင်းဆိုခဲ့ပြီး ဧပြီ ၈ ရက်တွင် အလုပ်သမားများမှ ယင်းကဲ့သို့ အလုပ်ထွက်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ လက်ရှိလစာက အရမ်းနည်းနေတဲ့အတွက် ဧပြီ ၄ ရက်ကစပြီး စက်ရုံဝင်းအတွင်း အလုပ်မဆင်းဘဲ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အလုပ်သမား ခေါင်းဆောင်တွေနဲ့လည်း ဒီရက်ပိုင်းမှာ အလုပ်ရှင်နဲ့ ညှိနှိုင်းတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်က လုံးဝ မလိုက်လျောတဲ့အပြင် ၆ဝဝဝဝ မပြောနဲ့ ခြောက်ကျပ်တောင် တိုးမပေးနိုင်ဘူးလို့ စက်ရုံပိုင်ရှင်က ပြောတယ်။ ဧပြီ ၇ ရက်မှ တစ်ရက်ကို တစ်ရာပဲ တိုးပေးတယ်။ ဒီလောက်လေး တိုးပေးတာနဲ့ ဘာမှမထူးဘူး။ အဲဒါကြောင့် အလုပ်သမားအားလုံး အလုပ်ထွက်လိုက်ကြဖို့ သဘောတူလိုက်တာပါ” ဟု အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးက ဆိုသည်။

အလုပ်သမားများ စက်ရုံဝင်းအတွင်း ဆန္ဒပြသည့်နေ့မှစ၍ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ စခန်းမှူးနှင့် နယ်မြေခံ ရပ်မိရပ်ဖများမှ အလုပ်သမားများနှင့် အလုပ်ရှင်တို့အကြား ဝင်ရောက်ညှိနှိုင်း ဆောင်ရွက်ပေးသော်လည်း လစာတိုးမြှင့်ခြင်းကိစ္စ ညှိနှိုင်းရာတွင် အလုပ်ရှင်နှင့် အလုပ်သမားခေါင်းဆောင်များသာ ပါဝင်ကြောင်း သိရသည်။

ရေနီအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က “အလုပ်သမားတွေ အကုန်လုံး အလုပ်က ထွက်လိုက်တယ်။ လုပ်အားခ တိုးပေးဖို့ဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမား အပိုင်းပေါ့။ အလုပ်ရှင်က တိုးမပေးဘူးဆိုရင် အလုပ်သမားကလည်း သူတို့ဆန္ဒအတိုင်း လုပ်လို့ရတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဝင်ရောက်စွက်ဖက်လို့ မရဘူး။ ဒါကို မကျေနပ်လို့ အလုပ်သမားတွေဘက်က တရားဝင် စာတင်ပြီး ဆန္ဒပြတာက သူတို့ရဲ့ အပိုင်းပေါ့” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အလုပ်သမားများက ၎င်းတို့ကျန်ရှိနေသော လစာနှင့် လုပ်အားခ လက်ကျန်ငွေများအား ဧပြီ ၂၇ ရက် ထုတ်ယူရန် သဘောတူထားပြီး အဆိုပါနေ့ မတိုင်မီ အလုပ်သမားများမှ သက်ဆိုင်ရာသို့ တရားဝင်စာတင်ကာ ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်များနှင့် စက်ရုံမှ တာဝန်ရှိသူများသာ လစာတိုးမြှင့်ခြင်းကိုသာ ညှိနှိုင်းဆောင်ရွက်နေခြင်းမှာ တရားမျှတမှု မရှိကြောင်း၊ အလုပ်သမား ဝန်ကြီးဌာနမှ အဆိုပါ လစာတိုးမြှင့် တောင်းခံခြင်းအား ဝင်ရောက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် အလုပ်သမားများဘက်မှသာ နစ်နာမှုရှိကြောင်း အလုပ်သမားများမိ၏ မိဘများက ပြောကြားသည်။

အဆိုပါ အထည်ချုပ် အလုပ်သမားများက လက်ရှိရရှိသော အခြေခံလစာ ကျပ် ၁၅ဝဝဝ မှ အမြင့်ဆုံး ကျပ် ၃၅ဝဝဝ သာ ရရှိသည့်အတွက် စားဝတ်နေရေး အဆင်မပြေမှုများ ရှိနေသည့်အပြင် အစိုးရဝန်ထမ်း အနိမ့်ဆုံးလစာ ကျပ် ၁၂ဝဝဝဝ အထိ တိုးမြှင့်လိုက်ခြင်းကြောင့် အထည်ချုပ် အလုပ်သမားများမှ ယခုလို အနိမ့်ဆုံးလစာ ကျပ် ၆ဝဝဝဝ သတ်မှတ်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

SUMEC အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အနေဖြင့် သုံးနှစ်စာချုပ် ရသည့်အပြင် အလုပ်သမားများ၏ မှတ်ပုံတင်ကိုပါ ကုမ္ပဏီမှ သိမ်းယူထားကြောင်း၊ စာချုပ်ချုပ်ဆိုထားသည့် သုံးနှစ်အတွင်း အလုပ်ထွက်သွားပါက ကုမ္ပဏီသို့ ငါးသိန်းပေးလျော်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ချိန်တွင်လည်း ပုံမှန် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ထားသော်လည်း နေ့စဉ် ည ၈ နာရီအထိ အလုပ်ဆင်းရပြီး အချိန်ပိုကြေးအဖြစ် ၁ နာရီလျှင် ကျပ် ၂ဝဝ သာရရှိကြောင်း၊ အလုပ်သမားများမှာ ကျန်းမာရေးကြောင့် ခွင့်တစ်ရက်ပျက်ပါက ဒဏ်ငွေအဖြစ် ကျပ် ၃ဝဝဝ မှ ကျပ် ၅ဝဝဝ အထိ ပေးဆောင်ရကြောင်း အလုပ်သမားများထံမှ သိရသည်။

Eleven Media Group

No comments:

Post a Comment