Tuesday, May 12, 2015

ဒုတိယအကြိမ်ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် ကာချုပ်ပြည်ပခရီးစဉ်မှ ပြန်လာပြီးနောက် ညှိနှိုင်းဆောင်ရွက်မည်ဟုဆို


ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြည်ပခရီးစဉ်မှ ပြန်လာသည့်အချိန်တွင် ယင်းတွေ့ဆုံမှု၌ ပါဝင်မည့်သူများ အဆင်ပြေမည့်ရက်ကို ညှိနှိုင်း၍ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်ကပြောသည်။မေလ ၁၁ရက်က ပြည်သူ့ လွှတ်တော်အစည်းအဝေးအပြီး ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများက ကျင်းပမည့်ရက်ကို မေးမြန်းရာ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုတွင်ပါဝင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပါကစ္စတန်နိုင်ငံနှင့် ဆားဘီးယားနိုင်ငံများသို့ သွားရောက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီအတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရာတွင် အကျပ်အတည်းမဖြစ်စေရန် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး နှစ်နာရီကျော် ကြာမြင့်ခဲ့သော်လည်း တိကျရေရာသည့်ဆုံးဖြတ်ချက် တစ်စုံတစ်ရာမထွက်ခဲ့ဘဲ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန်ပင် ရက်အတိအကျသတ်မှတ်နိုင်ခဲ့ခြင်းမရှိပေ။

ပထမအကြိမ်ခြောက်ပွင့်ဆိုင်တွေ့ဆုံရာတွင် အခြေခံဥပ ဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေး၊ ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ်ရေး စသည့်ဆွေးနွေးပွဲ အခြေခံမူဘောင်များ ဆွေးနွေးခဲ့ကြသည်။

ဒုတိယအကြိမ်ခြောက်ပွင့် ဆိုင်တွေ့ဆုံမှုကို ယခုလ ၁၁ရက် နှင့် ၁၇ရက်ကြားတွင် ပြုလုပ်ဖွယ် ရှိကြောင်း အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်နေပြီး ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုတွင် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှ ဥက္ကဋ္ဌနှစ်ဦး၊ ပြည်ထောင်စုလွှတ်တော်ရှိ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ပါဝင်ကြသည်။

7Day Daily

No comments:

Post a Comment