တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ဟိုနားကျေးရွာတွင် မေလ ၂၅ ရက် ည ၇ နာရီခွဲက ပအိုဝ်းအမျိုးသားတပ်မတော် (PNA) မှ ဒုတိယဗိုလ်အဆင့် ရှိသူက ကျေးရွာသူရွာသားများကို သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ရာမှ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
PNA မှ ဒုဗိုလ်အဆင့်ရှိ အသက် ၄၃ နှစ်အရွယ် ဦးပျိုး (ခ) ခွန်တပျိုးက ဟိုနားကျေးရွာ အတွင်းသို့ မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်လာစဉ် ဆိုင်ကယ်တစ်စီးက ၎င်း၏ ဆိုင်ကယ်အား ကျော်တက်မောင်းနှင်ခဲ့သည်ကို မကျေနပ်ရာမှ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ထမင်းချက်နေသော အသက် ၂၄ နှစ်အရွယ် မရွှေပေါ် ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရွှေညောင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
“သူက အရက်မူးပြီး ရွာထဲကို ဆိုင်ကယ်နဲ့ ဝင်လာတာ။ နောက်က ဆိုင်ကယ်က ဟွန်းတီးပြီး ကျော်တက်တာကို မကျေနပ်လို့ သေနတ်ပစ် ခြိမ်းခြောက်လိုက်တာ။ အနားက ခြေတံရှည်အိမ်ပေါ်မှာ ထမင်းချက်နေတဲ့ ကောင်မလေးကို ကျည်သွား မှန်တာ။ ရွာသားတွေက ဆိုင်ကယ်ကို ဝိုင်းတားတော့ သူ့ကို မဖမ်းရဲအောင် မြေကြီးပေါ် သေနတ်ရှစ်ချက်ပစ်ခဲ့တယ်။ ရွာသားတွေက အတင်းဝင်လုံး ဖမ်းရတယ်” ဟု ဟိုနားကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
အဆိုပါ ကျေးရွာအတွင်း M-22 အမျိုးအစားသေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခဲ့သည်ဟု တိုင်ကြားခံရသည့် PNA တပ်ဖွဲ့ဝင်ကို ရွှေညောင်မြို့မ ရဲစခန်းက (ပ) ၄၃/၁၅၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
တောင်ကြီးခရိုင်တွင် လက်နက်ကိုင်ဆောင်ခွင့် ရရှိထားသော PNA တပ်ဖွဲ့ဝင်များ အနေနှင့် ပြည်သူများအပေါ် လက်နက်ဖြင့် ခြိမ်းခြောက်အနိုင်ကျင့်မှုများ မပြုလုပ်ရန်နှင့် တပ်ဖွဲ့စည်းကမ်းများကို လိုက်နာမှု ပိုမိုရှိလာစေရန် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ဦးစီးမှူး ဗိုလ်မှူးဇော်ပျံက The Voice သို့ ပြောကြားသည်။
“ဟိုနားရွာမှာ PNA တပ်ဖွဲ့ဝင်က အရက်မူးပြီး လက်နက်ကိုင် ရမ်းကားလို့ ရွာသူတစ်ယောက် သေဆုံးခဲ့ရတယ်။ မနေ့က တောင်ကြီးမြို့ စဝ်စံထွန်းလမ်းပေါ်မှာ PNA အဖွဲ့က ဗိုလ်မှူးက သူ့စီးလာတဲ့ ကားကို ဝင်တိုက်မိမလိုဖြစ်လို့ ကားသမားကို သေနတ်ထုတ်ပြီး ခြိမ်းခြောက်ခဲ့တယ်။ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဒီလို လက်နက်ကိုင် အနိုင်ကျင့်သူတွေ ရှိနေလို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက နောက်ထပ် ဒီဖြစ်ရပ်တွေ ထပ်မံမဖြစ်ရအောင် ထိရောက်စွာ အရေးယူပေးစေချင်တယ်” ဟု တောင်ကြီးမြို့တွင် နေထိုင်သော အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment