Monday, June 29, 2015

အမ်းတွင် ရေထဲမျောပါ၍ အမြောက်တပ်မှ တပ်ကြပ်ကြီးတစ်ဦးသေဆုံး

အမ်းရိုးလမ်းကို တပ်မတော်သားများ ပြုပြင်နေစဉ် (ဓာတ်ပုံ- ဆိုရှယ်မီဒီယာ)


ရခိုင်ပြည်နယ် အမ်းမြို့တွင် ရေကြီးနေစဉ် အမြောက်တပ်မှ တပ်ကြပ်ကြီး တစ်ဦး ရေထဲ မျောပါသွား၍ သေဆုံးသွားခဲ့သည်ဟု အမ်းမြို့နယ် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

“ မနေ့က သေတာပါ။ ကားလမ်းမှာ ရေကျော်နေတာကို ဖြတ်ကူးစဉ် ရေစီးနဲ့ ပါသွားပြီး ဆုံးသွားတာပါ။ အမ်း အခြေစိုက် အမှတ် ၃၇၄ အမြှောက် တပ်ရင်းက တပ်ကြပ်ကြီး ၀င်းမောင် ဖြစ်ပါတယ်” ဟု ပြောသည်။

တပ်တောင်တွင်လည်း လူလေးဦး ရေထဲမျှောပါ သေဆုံးသွားကြောင်း သတင်းများနှင့် ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ အမ်းမြို့နယ် ရဲစခန်း တာဝန်ကျ အရာရှိက ယခုလို ပြောဆိုသည်။“ ကျွန်တော်တို့ သတင်းမရသေးဘူးခင်ဗျား၊ လာရောက် တိုင်ကြားတဲ့သူတွေလည်း မရှိသေးတဲ့ အတွက် ကျွန်တော်တို့ ဒီသတင်းကို အတည်မပြုနိုင်သေးဘူးခင်ဗျား” ဟု ပြောဆိုသည်။

ယခုအခါ အမ်းမြို့တွင် ရေကျသွားပြီ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသအတွင်းက အန်ဂျီအိုများမှ အပျက်အစီး စာရင်းများကို ကောက်ယူနေကြောင်း၊ ခိုင်းကျွဲနွားများနှင့် အိမ်မွေးတိရစ္ဆာန်များ အပျက်အစီး စာရင်းများကို ကောက်ယူနေကြောင်း အဆိုပါ တာဝန်ကျ ရဲအရာရှိက ပြောသည်။

ရိုးလမ်းပေါ်တွင် နှစ်နေရာနှစ်ခုမှာ ပိုင်းပြတ်နေသဖြင့် ရန်ကုန်- အမ်း- စစ်တွေ ကားလမ်းမှာ သွားလာ၍ မရသေးကြောင်း သိရသည်။

Narinjara

No comments:

Post a Comment