Monday, September 21, 2015

ပြည်သူ့မဲကို အလုပ် လုပ်ပြခြင်းဖြင့် ရယူရန် ဒေါ်ညိုညိုသင်း တိုက်တွန်း


၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူထူထု၏ ဆန္ဒမဲများကို ရယူရာတွင် အလုပ် လုပ်ပြခြင်းဖြင့်သာ ရယူကြခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ဗဟန်းမြို့နယ်၊ တစ်သီးပုဂ္ဂလ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ညိုညိုသင်းက ပြောသည်။
ယမန်နေ့ ဗဟန်းမြို့နယ် အတွင်း မဲဆွယ် စည်းရုံးရေး လုပ်ငန်း ခေတ္တနားစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ ပြည်သူအတွက် ရှေးရှု၍ အလုပ်လုပ်သည့် လွှတ်တော် ကိုယ်စားလှယ်ကိုသာ ပြည်သူထူထု လိုလားကြကြောင်း ပြောကြားခဲ့သည်။''ရွေးကောက်ပွဲနီးမှ ပေါ်လာတဲ့ အမတ်လောင်းကို ပြည်သူတွေ မကြိုက်ဘူး'' လူထုထောက်ခံမှုကို လိုချင်ရင် ပြည်သူလူထုကို အလုပ် လုပ်ပြကြပေါ့'' ဟု ဗဟန်းမြို့နယ်၊ တစ်သီးပုဂ္ဂလ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ညိုညိုသင်းက ပြောသည်။
ပြည်သူအကျိုးကို ဆောင်ရွက်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည် ဖြစ်စေ၊ ရွေးကောက် တင်မြှောက်ခြင်း မခံရသည်ဖြစ်စေ၊ ပြည်သူ့အကျိုးကို စဉ်ဆက်မပြတ် ဆောင်ရွက်သင့်ပြီး၊ ပြည်သူ့အကျိုးကို အမှန်တကယ် ထမ်းဆောင်ခဲ့သူကိုသာ ပြည်သူလူထုက အသိအမှတ် ပြုနေမည်ဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက ပြောသည်။
''ပါတီကြိုက်လို့ ပေးတာ ရှိကောင်း ရှိမယ်။ တချို့ဒေသတွေမှာ ပါတီကြိုက်ပြီး လူကိုမကြိုက်တာ အမှန်ပဲ။ မဲဆန္ဒနယ်အကျိုးကို တကယ်လုပ်ခဲ့မှသာ အဲဒီဒေသက လူတွေက အမတ်ဖြစ်သင့်တယ်လို့ အသိအမှတ်ပြုပြီး မဲထည့်မှာပေါ့'' ဟု ဗဟန်းမြို့နယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်ညိုညိုသင်းက ဆက်ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါ်ညိုညိုသင်းသည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း (တစ်သီးပုဂ္ဂလ) အဖြစ် ဗဟန်းမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ရွေးကောက်ပွဲ ၀င်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတွင် မပါဝင်သောကြောင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment