
အောက်တိုဘာ ၁၀ရက်ကပြုလုပ်ခဲ့သော ရေဘေး ရန်ပုံငွေဖျော်ဖြေပွဲသို့ လာရောက် မဖျော်ဖြေနိုင်ခဲ့ခြင်းကြောင့် ပရိသတ်များအား တောင်းပန်ကြောင်း နေတိုးနှင့်ဝတ်မှုံရွှေရည်ကပြော သည်။နေတိုးနှင့်ဝတ်မှုံရွှေရည်သည် ထိုင်းနိုင်ငံမှရိုက်ကူးထုတ်လုပ်သည့် Bangkok to Manda-lay ရုပ်ရှင်ဇာတ်ကားတွင် အတူသရုပ်ဆောင်နေပြီး ဖျော်ဖြေပွဲပြုလုပ်သည့်အောက်တိုဘာ ၁၀ ရက်ညက အဆိုပါဇာတ်ကား ရိုက်ကူးရေးမပြီးပြတ်သောကြောင့် ဖျော်ဖြေပွဲသို့မလာရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။‘‘မနေ့က (အောက်တိုဘာ ၁၀ရက်)ညဘက်ရိုက်ကူးရေးရှိနေတော့ မသွားဖြစ်တော့တာ။ မခိုင်နှင်းဝေတို့က ကြိုပြောထားပေမယ့် ဒီဘက်မှာ အစီအစဉ် အတိအကျမသိရဘူး။ ညဘက်ရိုက်မယ်ဆို တာကို အနားနီးမှသိရတော့ ဘယ်လိုမှညှိလို့မရလိုက်ဘူး။ ဒီဘက်ကိုပဲ ဦးစားပေးလိုက်ရတယ်။ အဲဒီအတွက် ပရိသတ်ကိုတောင်းပန်ချင်ပါတယ်’’ ဟုနေတိုးကပြောသည်။
ဝတ်မှုံရွှေရည်ကလည်း ရိုက်ကွင်းမှာ ညဘက်အချိန်အတော်နောက်ကျမှ ပြီးခြင်းဖြစ်သော ကြောင့် မလာဖြစ်ခဲ့ခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုနေသည့် ပရိသတ်များအပါအဝင် ရုပ်သံလိုင်းများမှ စောင့်ကြည့်နေသော ပရိသတ်များကိုလည်း တောင်းပန်ကြောင်းပြောသည်။
အောက်တိုဘာ ၁၀ ရက်ညက သုဝဏ္ဏအားကစားရုံအမှတ်(၁)၌ပြုလုပ်သည့် ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းမှ သဘာဝဘေးဒဏ်သင့်ပြည်သူများ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး အတွက် ခိုင်နှင်းဝေပရဟိတ လူငယ်များအဖွဲ့နှင့် ရှင်သန်ရေးကူညီမှုအသင်းတို့ ပူးပေါင်းတင်ဆက်သော ရုပ်ရှင်သဘင်ဂီတ အနုပညာဖျော်ဖြေပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နာမည်ကြီးအဆိုတော်များ၏သီဆိုဖျော်ဖြေမှုများ၊ တေးသရုပ်ဖော်အစီအစဉ်များအပါအဝင် ပြဇာတ်နှင့်နှစ်ပါးသွားအစီအစဉ်များကို တင်ဆက်ပေးခဲ့သည်။
7Day Daily
No comments:
Post a Comment