Wednesday, October 7, 2015
ခရီးဆောင်အိတ်ဖြင့် ခွေခေါက်စွန့်ပစ် ခံရမှာ ဆိုင်ကယ်ကယ်ရီသမားဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ရန်ကင်းတောင်အတက်လမ်းတွင်လက်ဆွဲခရီးဆောင်အိတ်အတွင်း ခွေခေါက်ထည့်ကာ စွန့်ပစ်ခံရသည့်အလောင်းမှာ မန္တလေးမြို့တော်တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်နေသူ အမျိုးသားဖြစ်ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်းထံမှ သိရသည်။“ ကျွန်တော်တို့ဆီကို သူ့အစ်ကိုဆိုတဲ့သူက ဖုန်းနဲ့ဆက်သွယ်အကြောင်းကြားတယ်။ မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို သွားပြီးစစ်ဆေးကြည့်တော့ မှန်တယ်လို့ အတည်ပြုပေးတယ်။ ဖြစ်စဉ်နဲ့ တရားခံကိုတော့ စုံစမ်းနေဆဲပါပဲ ” ဟု အဆိုပါစခန်း တာဝန်ကျရဲအရာရှိက ဆိုသည်။
သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ်ရှိ အောင်စိုး(ခ) အေးမင်းထွန်းဆိုသူဖြစ်ပြီး ဗောဓိကုန်းရပ်၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မည်သည့်အတွက်ကြောင့် အသတ်ခံရသည်ကို ဆက်လက်စုံစမ်းနေကြောင်း အဆိုပါ ရဲအရာရှိက ထပ်မံပြောဆိုသည်။
ရန်ကင်းတောင်အတက်လမ်းတွင် အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အလျား နှစ်ပေ၊ အနံတစ်ပေခွဲ၊ အမြင့် ၁၀ လက်မရှိ ခရီးဆောင်လက်ဆွဲအိတ်တစ်လုံးတွေ့ရှိရာမှ စစ်ဆေးခဲ့ရာ အိတ်အတွင်း ခွေခေါက်ထည့်ထားသည့် အမျိုးသားအလောင်းကို တွေ့ရှိရကြောင်း အဆိုပါစခန်းထံမှ သိရှိရသည်။
သေဆုံးသူမှာ အနေအထိုင်အေးဆေးသူဖြစ်ပြီး ရန်ငြိုးရန်စများလည်းမရှိကြောင်း၊ အောက်တိုဘာ ၅ ရက် နံနက် ၂ နာရီခန့်တွင် တယ်လီဖုန်းဖြင့်ခေါ်ဆိုသဖြင့် အပြင်ထွက်သွားရာမှ ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း ၊ အဘယ့်ကြောင့် ဖြစ်ပွားရသည်ကို မခန့်မှန်းတတ်ကြောင်း သေဆုံးသူ၏ဇနီးဖြစ်သူ ဒေါ်နော်သူက ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ညတွင်လည်း စစ်ကိုင်း-မန္တလေး ကားလမ်းဘေးရှိ တံတားဖြူတံတားအနီးရေစပ်တွင် ခန္ဓာကိုယ်အောက်ပိုင်း အဝတ်မပါဘဲ ကြိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိခဲ့ပြီး အဆိုပါအမျိုးသမီးသည် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် တွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ်ရှိ ဒေါ်ဝေမီထွန်းဆိုသူဖြစ်ကြောင်း အဆိုပါမြို့နယ်ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
The Voice Weekly

No comments:
Post a Comment