Thursday, October 1, 2015

သထုံမြို့ ရာဘာခြံဝင်းအတွင်းမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တွေ့ရှိ



မွန်ပြည်နယ် သထုံမြို့နယ် ကျုံပါကျေးရွာ တောင်ပိုင်းရှိ ဦးဘပွေးပိုင်ဆိုင်သော ရော်ဘာခြံအတွင်း သုဝဏ္ဏဘူမိ ခေတ်ထွန်းကားစဉ် ထုလုပ်ထားသည်ဟု ယူဆထားသော သဲကျောက်တွင် ဖောင်းကြွပုံထုလုပ်ထားသည့် ထိုင်တော်မူ ဘူမိဖဿ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ရှေးဟောင်းသုတေသနပညာရှင် ဦးစံဝင်းနှင့် အဖွဲ့မှ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။အဆိုပါခြံအတွင်းရှိနေသည့် ဆင်းတုတော်အား ကျုံပါကျေးရွာသားတစ်ဦးက အကြောင်းကြားခဲ့ခြင်းကြောင့် အောက်တိုဘာလ (၁) ရက်နေ့တွင် သွားရောက် ရှာဖွေခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“လက်ရာပုံနဲ့ ဆင်းတုတော်မှာပါတဲ့ အချက်လက်တွေက အေဒီ ၇ ရာစုနဲ့ ၁၁ ရာစုအကြား ကာလက ထုလုပ် ထားတဲ့ ပုံစံပါ သုဝဏ္ဏဘူမိ ခေတ်ကောင်းစဉ်က ထုလုပ်ထားတဲ့ လက်ရာဖြစ်နိုင်တယ်” ဟု ရှေ့ဟောင်း သုတေသနပညာရှင် ဦးစံဝင်းက ပြောသည်။

ဆင်းတုတော်သည် Half Relief ဖောင်းကြွပုံထုလုပ်ထားပြီး နောက်ခံကျောက်ပြားအမြင့် ၄၂ လက်မ၊ ဆင်းတု တော် ပခုံးအကျယ် ၁၃ လက်မ၊ အောက်ခံပလ္လင်အမြင့် ၁၅ စင်တီမီတာ၊ ကျောက်ပြားအထူအောက်ခြေမှာ ၁၀ စင်တီမီတာ၊ ကျောက်ပြားအထူအပေါ်မှာ ၃ စင်တီမီတာ၊ ဆင်းတုတော်၏ ဒူးနှစ်ဖက်အကျယ် ၂၀ လက်မနှင့် စမ္မခဏ်မှ ဥဏှိယှအထိ ၁၃ လက်မရှိကြောင်း သိရသည်။

“ကျုံပါရွာက အရင်တုန်းက ဂေါ့မြို့ဟောင်းထဲမှာပါတယ် အနီးနားမှာက ရှေးဟောင်းဘုရားတွေ မြို့ရိုးတွေ ရှိတယ် ဘုရားတွေ့တဲ့နေရာက သုဝဏ္ဏဘူမိကောင်းစားစဉ်အခါတုန်းက မိဘုရားတစ်ပါးနေခဲ့တဲ့နေရာလို့တော့ အဘိုး အဘွားတွေ လက်ထက်ပြောဖူးတာတော့ ကြားဖူးတယ်။” ဟု အသက်၇၆ ရှိ ကျုံပါရွာမှ ဦးကျော်ဆွေက ပြောသည်။

ကျုံပါကျေးရွာအတွင်း ရှေးဟောင်းပစ္စည်းတွေ့ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း သထုံမြို့နယ်အတွင်း သုဝဏ္ဏဘူမိခေတ်မှ ရှေးဟောင်းပစ္စည်းများ မကြာခဏရှာဖွေတွေ့ရှိလေ့ရှိကြောင်း၊ ယခုတွေ့ရှိသည့် ရှေးဟောင်း ဆင်းတုတော်အား ရှေးဟောင်းသုတေသနအဖွဲ့မှ သန်းရှင်းရေးနှင့် ထိန်းသိမ်းမှုများဆောင်ရွက်ကာ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မြင့်ထွန်း(မြစ်မခ)
Shwe Myitmakha Media Group

No comments:

Post a Comment