Monday, October 12, 2015

ရန်ကုန်တွင် ခန့်အပ်မည့် အထူးရဲ ငါးထောင်ကျော် လက်ပတ်နီအဖွဲ့နှင့် ပတ်သက်မှု မရှိဟုဆို


ရွေးကောက်ပွဲ လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ခန့်အပ်မည့် အထူးရဲ ၅၅၁၀ ဦးမှာ လတ်ပတ်နီအဖွဲ့နှင့် ပတ်သက်ခဲ့ဖူးသူ တစ်စုံတစ်ဦးမှ မပါဝင်ကြောင်း ယနေ့ (အောက်တိုဘာလ ၁၂ ရက်) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်သော မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် မီဒီယာများ တွေ့ဆုံပွဲ၌ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင်က ပြောကြားသည်။“အထူးရဲအဖြစ် ရွေးချယ်ခံရသူတွေက လတ်ပတ်နီ အဖွဲ့ဝင်တွေ မဟုတ်သလို ပါတီနိုင်ငံရေး ကင်းရှင်းသူတွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အထူးရဲ ရွေးချယ်ခံရသူများတွင် အရပ်သား အများစု ပါဝင်ပြီး အရံမီးသတ် တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း၊ ယင်းတပ်ဖွဲ့ဝင်များမှာ အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်ကာ တစ်လအစမ်းခန့် ကာလဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောကြားသည်။

“အကျင့်စာရိတ္တ ကောင်းမွန်သူ ရပ်ကျိုးရွာကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်လိုစိတ်ရှိသူ ခန္ဓာကိုယ်မှာ ဆေးမင်ကြောင် မရှိသူတွေကို အထူးရဲ ခန့်အပ်မယ့် သတ်မှတ်စံနှုန်းတွေနဲ့ ညီမညီ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် စီစစ်ရွေးချယ်ပြီးမှ အထူးရဲအဖြစ် ခန့်အပ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment