Monday, October 12, 2015
ဧရာဝတီကွင်းလယ်ကစားသမား ကျော်မင်းဦး အသင်းပုံရိပ်ထိခိုက်စေမှုဖြင့် ဒဏ်ငွေကျပ်သိန်း၂၀၀ ချမှတ်ခံရ
မြန်မာ့လက်ရွေးစင်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားကျော်မင်းဦးကို အသင်းပုံရိပ် ထိခိုက်စေမှုဖြင့် ဒဏ်ကြေးငွေ ကျပ်သိန်း၂၀၀ ချမှတ်လိုက်ကြောင်း ဧရာဝတီယူနိုက်တက်အသင်းက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ကျော်မင်းဦးသည် Hyper Sports အားကစားဂျာနယ်သို့ ဖြေကြားခဲ့သည့် အင်တာဗျူးတွင် "ကျွန်တော့်အိပ်တဲ့ နေရာကို လာကြည့်ပါဦးဗျာ။ အမိုးက ရေတွေယိုနေတယ်။ ခုတင်နောက်မှာထားတဲ့ ကျွန်တော့်ဘောလုံးကန် ဖိနပ်တွေ ရေတွေကြားမှာ ပေါလောပေါ်နေတယ်။ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲ မကန်ခင်ညက ကျွန်တော့်အိပ်ရာမှာ အိပ်လို့မရလို့ အစ်ကိုတစ်ယောက်ရဲ့အိပ်ရာမှာ သူမအိပ်ဘူးဆိုလို့ အိပ်ခွင့်ရခဲ့တယ်။ ကျွန်တော့်မှာ အိပ်ရာသီးသန့်မရှိဘူး။ ကြုံသလိုအိပ်နေရတယ်။ အပိုပြောတာမဟုတ်ဘူး။ ကျွန်တော့်အခန်းမှာ အဲယားကွန်းမလိုပါဘူး။ မိုးလေးလုံရင်တောင် ကျေနပ်ပါပြီ။ အဲ့ဒီအခက်အခဲတွေကြုံနေရတယ်”ဟု ဖြေကြားခဲ့ခြင်းနှင့် ပတ်သက်၍ ဒဏ်ကြေးချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧရာဝတီယူနိုက်တက်နှင့် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားများ ချုပ်ဆိုသည့်စာချုပ်တွင် ပါရှိသည့် အပိုဒ် ၁၁၊ အပိုဒ် ၁၂၊ အပိုဒ် ၁၅၊ အပိုဒ် ၁၆ နှင့် နောက်ဆက်တွဲ ဇယား (၁ - ဃ) တွင်ပါရှိသည့် စည်းကမ်းချက်များ အတိုင်း ကျော်မင်းဦးကို အရေးယူခဲ့ခြင်းဖြစ်ကြောင်းလည်း ပါဝင်သည်။
“ကျော်မင်းဦးကိုခေါ်တုန်းက ဘောလုံးအဖွဲ့ချုပ်ကို သိန်း ၈၀ ပေးခဲ့ရတယ်။ ဒါပေမဲ့ ယူ ၁၉ နဲ့ ယူ ၂၀ အသင်း အတွက်ပေးထားရတယ်။ ၂၀၁၄ ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းအတွက် သုံးပွဲပဲကစားနိုင်ခဲ့တယ်။ ဒီနှစ် ၂၀၁၅ ခုနှစ် ဘောလုံးရာသီမှာလဲ ဒုတိယအကျော့ရောက်မှ ပွဲထွက်ကစားခွင့်ရခဲ့တာ။ လက်ရွေးစင်တွေကိုပေးရမယ့် လစာ ၁၀ သိန်း အပြည့်အဝပေးထားတယ်။ သူ့အနေနဲ့ လက်ရှိအသင်းထက် ငွေကြေးအရလည်းကောင်း၊ တခြားထောက်ပံ့မှု တစ်စုံတစ်ရာပိုပေးနိုင်မယ့် မက်လုံးကြောင့်လည်းကောင်း အခြားအသင်းကို ပြောင်းချင်တာကို ပြောစရာမရှိပေမယ့် အသင်းမှာရှိနေတဲ့အချိန်မှာ အသင်းဂုဏ်သိက္ခာ ထိခိုက်အောင် မီဒီယာကနေတစ်ဆင့်ပြောတာကိုတော့ လက်မခံနိုင်ဘူး” ဟု ဧရာဝတီယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးဇွဲလှိုင်မီက ပြောကြားသည်။
ကျော်မင်းဦးသည် လက်ရွေးစင်ကစားသမားများရရှိသည့် တစ်လလုပ်ခလစာ ကျပ် ၁၀ သိန်းရရှိနေသူဖြစ်ရာ ပေးဆောင်ရမည့်ဒဏ်ကြေးသည် ၎င်း၏လုပ်ခလစာ ၂၀ လနှင့် ညီမျှနေကြောင်း၊ ယင်းပြစ်ဒဏ်သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက် ကစားသမားတစ်ဦးပေးဆောင်ရသည့် အမြင့်မားဆုံး ဒဏ်ကြေးဖြစ်ကြောင်း လက်ရွေးစင်ကစားသမားများ အသိုင်းအဝိုင်းထံမှ သိရသည်။
The Voice Weekly

No comments:
Post a Comment