Wednesday, October 7, 2015

ခါကာဘိုရာဇီတောင်ခြေရှိ တိဗက်ရွာသုံးရွာတွင် ရွှေတိဂုံပုံတော်တူစေတီတည်မည်

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့နယ်ခွဲရှိ ခါကာဘိုရာဇီ တောင်ခြေ တိဗက်ကျေးရွာသုံး ရွာတွင် ရွှေတိဂုံပုံတော်တူ စေတီ သုံးဆူ တည်ထားကိုးကွယ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။တအွန်ဒမ်း၊ ဂူဘားနှင့် မဒိန်းကျေးရွာ သုံးရွာတွင် တည်ထားမည့် ရွှေတိဂုံပုံတော်တူ ရွှေရောင် စတီးစေတီသုံးဆူ၊ စေတီတော် ဂန္ဓကုဋီတိုက်များတွင် သီတင်းသုံးမည့် ကြေးဆင်းတုတော်များ၊ ဌာပနာပစ္စည်းများနှင့် တိဗက်ဗုဒ္ဓ ဘာသာဝင်အိမ်များအတွက် လှူ ဒါန်းမည့် ဗုဒ္ဓရုပ်ပွားတော်များကို အောက်တိုဘာ ၁၁ ရက် နံနက် တွင် ရွှေတိဂုံစေတီတော်ရင်ပြင် သို့ ပင့်ဆောင်၍ ရင်ငွေ့လှုံပူဇော် မည်ဖြစ်ကြောင်း တက္ကသိုလ်ခြေ လျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောသည်။

ဗုဒ္ဓရုပ်ပွားတော်များကို ပူ တာအိုသို့ ပင့်ဆောင်၍ ပူတာအိုမှတစ်ဆင့် မိုင် ၁၇၀ ခန့် ကွာဝေး သည့် မြန်မာနိုင်ငံပိုင်နက်ရှိ တိဗက်ကျေးရွာများသို့ တောတောင်အထပ်ထပ် မြစ်ချောင်းအသွယ်သွယ်ကို ကျော်ဖြတ်ခရီးကြမ်းနှင်လျက် ဒေသခံပြည်သူများနှင့် တောင်တက်အသင်းဝင် ၁၅ ဦးခန့်က ပင့်ဆောင်ပူဇော်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

အဆိုပါ စေတီတော်သုံးဆူ မှာ တစ်ဆူလျှင် အကျယ် ၆ ပေနှင့် အမြင့် ၁၅ ပေခန့်ရှိပြီး အခြားရုပ်ပွားတော်များနှင့်အတူ ပွင့်လင်းရာသီဖြစ်သည့် ဒီဇင်ဘာလကုန် (သို့မဟုတ်) ဇန်န၀ါရီတွင် သွားရောက်ပင့်ဆောင်ပူဇော်မည်ဖြစ်သည်။

ထိုကျေးရွာတစ်ရွာတွင် လူအနည်းဆုံး လူတစ်ရာကျော်မှ အများဆုံး လူသုံးရာခန့် နေထိုင်ကြ သည်။ တိဗက်ပြည်နယ်နေ တိဗက်လူမျိုးများသည် ၁၉ ရာစုနောက်ပိုင်း ၁၈၉၂ ခန့်က ရေကြည်ရာ မြက်နုရာအဖြစ် မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့လာပြီး ယခုအခါ ဌာနေတိုင်းရင်းသားအဖြစ် နေထိုင်နေကြသည်။ ထိုဒေသတွင် ပွင့်လင်းရာသီ၌ နေ့အပူချိန်မှာ ၇ ဒီဂရီဆဲလ်ဆီးရပ်နှင့် ညအပူချိန် ၂ မှ ၃ ဒီဂရီဆဲလ်ဆီးရပ်အထိ အေးသည်။ အရှေ့တောင်အာရှတွင် အမြင့်ဆုံးဟု သတ်မှတ်ထားသည့် ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ တောင်ထိပ်သည် အမြင့် ၁၉,၂၉၆ ပေ ရှိသည်။

7Day Daily

0 comments:

Post a Comment