Friday, October 23, 2015

ဂြိုလ်စီးဂြိုလ်နင်းမကောင်းသောရွေးကောက်ပွဲနေ့နှင့် ဆင်ခြင်စရာများ

ဘဲလားလေဘာတီ

တစ်ကမ္ဘာလုံးတစ်နိုင်ငံလုံးစိတ်ဝင်စားနေခဲ့ကြသော နိုင်ငံတော် ရွေးကောက်ပွဲနေ့ကတော့ နိုဝင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာကျင်းပကြတော့မည် ဖြစ်သလို ပြည်သူတွေနဲ့ ကမ္ဘာ့မီဒီယာလောကကြီးတစ်ခုလုံးရွေးကောက်ပွဲကြီးက မျှမျှတတရှိပါ့မလားဆိုတဲ့ သံသယစိတ်များရှိနေကြပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာလစ်လပ်နေတဲ့ အမတ်နေရာအများဆုံးရရှိခဲ့တာမို့ ၂၀၁၂ မှာလည်း မျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲလို့ပဲမှတ်ချက်ပေးမယ်ဆိုလည်းမှားစရာမရှိပေ။ သို့ဖြစ်၍ ဒီမိုကရေစီဟေ့ လို့ဆိုပြီးရွေးကောက်ပွဲစတင်ကျင်းပကတည်းက မျှမျှတတရှိခဲ့တာမို့ ရွေးကောက်ပွဲအစဉ်အလာကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်သလိုလာမည့် နိုဝင်ဘာလရွေးကောက်ပွဲကြီးကလည်းအများပြည်သူတို့ သံသယကင်းလို့ မျှတတဲ့ ရွေးကောက်ပွဲကြီးပဲဧကံဖြစ်မှာပါလို့ မျှော်လင့်နိုင်ပါတယ်။လက်ရှိလှုပ်ရှားမှုအင်အားအရ NLD ပဲဧကန်အနိုင်ရမယ်လို့ ပြည်သူတွေကအပိုင်တွက်ထားလောက်တဲ့ အခြေအနေမှာရှိနေသလိုအတိုက်အခံခေါင်းဆောင်ကလည်းပါတီထဲမှာ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ၊ မော်ဒယ်တွေနဲ့ အင်အားဖြည့်ထားတာမို့ မိမိအစိုးရဖွဲ့လောက်တဲ့ အမတ်အရေအတွက် ရနိုင်လိမ့်မယ်လို့ အင်အားအပြည့်နဲ့ မျှော်လင့်ထားမှာပါပဲလို့ ဆိုရင်လည်းမှားနိုင်စရာမရှိပါဘူး။

သို့သော် ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်ရဲ့ ဇာတာစန်းလဂ်တို့ကတော့ မကောင်းလှပါဘူး။ ဒီနေ့ဒီရက်နဲ့ ဒီအချိန်ကအစိုးရသစ် မွေးဖွားမည့် ဇာတာ-စန်းလဂ် တစ်ခုလည်း ဖြစ်နေပါတယ်။ ဒီရွေးကောက်ပွဲနေ့ရက် ထူးခြားချက်ကတော့ (၁) နိုင်ငံတော်ဇာတာရဲ့ စန်းတနင်္လာ (၂) နိုင်ငံတော်သမ္မတကြီးဇာတာရဲ့စန်းတနင်္လာ (၃) အတိုက်အခံခေါင်းဆောင် ဇာတာပါစန်းတနင်္လာ (၄) ရွေးကောက်ပွဲနေ့ရဲ့ စန်းတနင်္လာစတဲ့ တိုင်းပြည်မှာအရေးပါလှတဲ့ ဇာတာတို့၏ စန်းတို့အပေါ် ပါပအားကြီးသော Mars အင်္ဂါနှင့် ရာဟုတို့ကစီးနေချိန်ဖြစ်နေသလိုတချိန်တည်းမှာ Mars အင်္ဂါထက် ပါပအားကြီးနေသော Uranus ယူရေးနပ်စ်ကအထက်ပါ စန်းလေးပါးစလုံးကို ၁၈၀ ဒီဂရီသမသတ်အမြင် အယှဉ် ရှိနေပြန်ပါတယ်။ နောက် ထိုအချိန်မှာ နိုင်ငံတော်ဇာတာ၏ ဗြိစ္ဆာလဂ်ပေါ် စနေစီးနေချိန်နဲ့လည်းတိုက်ဆိုင်လို့ နေပြန်ပါတယ်။

ဒုတိယမ္ပိတစ်ခါသရုပ်ဖော်ထားပြန်တာကထို Mars အင်္ဂါနဲ့ ရာဟုတို့က Sagittarius Ascendant ဓနုလဂ်ဖြစ်တဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ MC ဆယ်တန့်ဘာဝအပေါ်ကို ဖြတ်သန်းချိန်နဲ့လည်းတိုက်ဆိုင်နေသလိုထိုစန်းပေါ် စီးနင်းနေတဲ့ MC-Mars အင်္ဂါက အတိုက်အခံခေါင်းဆောင်ရဲ့ Ascendant လဂ်ကို ၉၀ ဒီဂရီကိန်းအမြင်လည်းရှိနေပြန်ပါတယ်။

တစ်ခါ ရွေးကောက်ပွဲကိုစလို့မနက် ၉ နာရီအတွင်းမှာတော့ ရွေးကောက်ပွဲဇာတာက Scorpion Ascendant ဗြိစ္ဆာလဂ် ဖြစ်နေမှာဖြစ်ပြီးစနေလဂ်ပေါ် စီးနေမှာ ဖြစ်သလိုအကယ်၍ မနက် ၉ နာရီထိုးတာနဲ့ ရွေးကောက်ပွဲဇာတာလဂ်ကအတိုက်အခံခေါင်းဆောင်ရဲ့ ဓနုလဂ်နဲ့ ထပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမနက် ၉ နာရီထိုးတာနဲ့ တစ်ခါ ရွေးကောက်ပွဲဇာတာရဲ့ MC ဆယ်တန့်ဘာဝကို Mars အင်္ဂါရာဟုစန်းနဲ့ နိစ်သောကြာတို့ဖြတ်သန်းချိန်နဲ့ တိုက်ဆိုင်သွားမှာဖြစ်သလိုရွေးကောက်ပွဲဇာတာရဲ့ ဓနုလာဂ်ရယ် Uranus ယူရေးနပ်စ်ရယ် စောစောက Mars အင်္ဂါ+ ရာဟု+ စန်း+ နိစ်သောကြာတို့ရဲ့ ကိန်းတြိဂုံးမိသွားမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာရွေးကောက်ပွဲဇာတာမှာပါပ (ဂြိုလ်ဆိုး) တွေ အားအကြီးဆုံးစိုးမိုးနေချိန်လည်း ဖြစ်သွားမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၃၁ ရက် နေ့လောက်ကစပြီး Mars အင်္ဂါဂြိုဟ်ကကန်ရာသီနဲ့ Declination အနီးဆုံးကိုရောက်လာမှာဖြစ်သလို နိုဝင်ဘာ ၃ ရက်နေ့မှစပြီး Mars အင်္ဂါက ရာဟုနဲ့ Declination အနီးဆုံးရောက်လို့ ဒီဇင်ဘာ ၂၃ ရက်အတွင်းအင်္ဂါက ကန်ရာသီမှာရှိနေဦးမှာဖြစ်ပါတယ်။

သို့ဖြစ်၍ ဤမျှ ပါပ (ဂြိုဟ်ဆိုး)တွေ အားကြီးလွှမ်းမိုးနေသော ရွေးကောက်ပွဲနေ့မှာ ထင်တာတွေမဖြစ်သလို မထင်မှတ်တွေလည်း ဖြစ်လာနိုင်ပြီးရွေးကောက်ပွဲနေ့ရဲ့ လက်တစ်ကမ်းအလိုနဲ့ ရွေးကောက်ပွဲရလဒ်ရဲ့ နောက်ပိုင်းရက်တွေမှာလူစုလူဝေးနဲ့ လှုပ်ရှားမှုများရှိနေမည်ဆိုပါက မထင်မှတ်ဘဲအဓိကရုဏ်းတွေ၊ သွေးထွက်သံယိုမှုတွေ၊ အဖမ်းအဆီးတွေ စတဲ့ အနိဌာရုံတွေကိုအလွယ်တကူသရုပ်ဖော်လာနိုင်ပါတယ်။

သို့ဖြစ်၍ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီးရွေးကောက်ပွဲအတွက် လူအင်အားနဲ့ လမ်းမပေါ် တက်ပြီးမဲဆွယ်တာမျိုးတွေ လုပ်ကြမယ်ဆိုရင် ပါတီတိုင်းအထူးသတိထားဆင်ခြင်ကြ ရမှာဖြစ်သလိုရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့ စည်းကမ်းဘောင်အတွင်းမှ လှုပ်ရှားနေကြမည်ဆိုတောင် မမျှော်လင့်ဘဲအနိဌာရုံတွေကိုသရုပ်ဖော်လာနိုင်ပါတယ်။

ဒီဇင်ဘာ ၂၄ အတွင်းအင်္ဂါ + ရာဟု + Uranus နဲ့ ရွေးကောက်ပွဲရဲ့ အနုလဂ်တို့၏ ကိန်းတြိဂုံးမိနေတာမျိုးကအားရှိနေဦးမှာမို့ ရွေးကောက်ပွဲ၏ ရလဒ်နောက်ကွယ်မှာလည်းမကြေလည်မှုတွေ မကျေနပ်ချက်တွေကအန်ထွက်လာနိုင်တာမို့ ပါတီတိုင်းကမိမိတို့ရဲ့ ပါတီလှုပ်ရှားမှုကြောင့် တိုင်းပြည်အတွက် မင်းပြောင်းမင်းလွဲမတိုင်ခင် တိုင်းပြည်မှာအနိဌာရုံတွေ မဖြစ်ရအောင်တော့ အထူးသတိထားကြရမှာ ဖြစ်ပါတယ်။ ဇမ္ဗူဒီပါ နိမိတ်ထွန်းတဲ့ တောင်ကျွန်းမှာတည်နေတဲ့ မြန်မာပြည်အတွက် နိမိတ်ကအရေးပါလှတာမို့ လာမည့်ရွေးကောက်ပွဲမတိုင်ခင် သို့မဟုတ် ရွေးကောက်ပွဲအပြီးမင်းပြောင်းမင်းလွဲမတိုင်ခင်မှာအနိဋ္ဌာရုံတွေနဲ့ ကင်းနေဖို့တော့ အထူးလိုအပ်ပါတယ်။

အကယ်၍ ရွေးကောက်ပွဲက အနိဋ္ဌာနရုံတွေနဲ့ ယှဉ်သွားမယ်ဆိုရင် အနိဋ္ဌာရုံနဲ့ ယှဉ်သွားတဲ့ရွေးကောက်ပွဲကပေါက်ဖွားလာတဲ့မင်းနဲ့ အစိုးရကတိုင်းပြည်ကိုနိုင်နင်းစွာထိန်းသိမ်းနိုင်စွမ်းကဘယ်လိုမှ မရှိနိုင်သလိုဒုတိယဒီမိုကရေစီ ၅ နှစ်သက်တမ်းအတွင်း တိုင်းပြည်က ယိမ်းယိုင်သွားနိုင်ပါသည်။ အဆုံးစွန်ဆုံးတိုင်းပြည်ပင် ပြိုကွဲသွားနိုင်တဲ့အထိ ပြည်တွင်းစစ် စတဲ့ အနိဋ္ဌာရုံတွေအထိ ဖြစ်သွားနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဇာတာဟာ ဒီနှစ်ကနေစပြီးနောက် ၃ နှစ်အထိ ကံဇာတာအလွန်ညံ့နေတယ်။ ကျန်းမာရေးလည်း အဆိုးဆုံးအချိန်လို့ ပြောရင် မမှားနိုင်ဘူး။ ဒီ ၃ နှစ်အတွင်းမှာ “အသက်သေကိန်း” ပါ ကြုံရနိုင်တယ်။ အကယ်၍သာ ရွေးကောက်ပွဲမှာ NLD အများစုအနိုင်ရခဲ့ရင် ပြည်တွင်းမှာ စည်းကမ်းမဲ့မှုတွေ များလာမယ်။ တိုင်းပြည် မငြိမ်မသက်မှုတွေ ဖြစ်မယ်။ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသော်လည်း မကျေလည်မှုတွေဖြစ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်မယ်။ ယခင်တုန်းကလို ပြည်တွင်းစစ် ပြန်ဖြစ်မယ်။ သူ့ဇာတာအတိုင်းပြောရမယ်ဆိုရင် စစ်တပ်က အာဏာမသိမ်းချင်တောင်မှ သူကိုယ်တိုင်က အာဏာပြန်သိမ်းဖို့ လိုလိုလားလား တောင်းဆိုရလိမ့်မယ်။ စစ်တပ်က အာဏာသိမ်းတာ နောက်ကျသွားရင် ပြဿနာပေါင်းစုံဖြစ်ပြီး ပဋိပက္ခတွေ အလွန်ကြီးထွားလာကာ တိုင်းပြည်ပျက်တဲ့အထိ ဖြစ်သွားမယ်။ NLD အနိုင်ရရင် တိုင်းပြည်ပျက်ကိန်း ဆိုက်သွားနိုင်တယ်။ မနိုင်မနင်း ကသောင်းကနင်းတွေ ဖြစ်ပြီး ပြည်တွင်းစစ်တွေ၊ လူမျိုးရေးစစ်ပွဲတွေ ဖြစ်လာနိုင်တယ်။ အေးအေးချမ်းချမ်းနေလိုတဲ့ ပြည်သူတွေ ဒုက္ခ ပင်လယ် ဝေနိုင်တယ်။ ဒီကံကြမ္မာဆိုးကို ယတြာနဲ့ ချေနိုင်မလားပြောရင် မလွယ်ပါဘူး။ NLD အနိုင်မရမှသာ တိုင်းပြည်ရဲ့ကံကြမ္မာဟာ အလှည့်အပြောင်းဖြစ်ပြီး အကောင်းဘက်ကို ဆက်လက်ဦးတည်သွားနေမယ်။ တိုင်းပြည်ရဲ့ကံကြမ္မာနဲ့ နိုင်ငံခေါင်းဆောင်မဲ့သူတွေရဲ့ ကံဇာတာတွေကို ယှဉ်တွဲပြီး အမှန်အတိုင်း အမုန်းခံ ဟောရတာဖြစ်တယ်။

ယနေ့ မိမိတို့ မင်းဖြစ်ရေးထက် ယနေ့ ကမ္ဘာပေါ်မှာကွန်မြူနစ်နဲ့ စစ်အစိုးရကနေဒီမိုကရေစီကိုပြောင်းလိုက်တဲ့ နိုင်ငံတွေဖြစ်တဲ့ ရုရှား- အီရတ်- လစ်ဗျား-ယူဂိုဆလပ်နဲ့ ပါကစ္စတန်တို့ကဘာကြောင့် ပြိုကွဲပြီး သွေးချောင်းတွေ စီးနေကြရတာလဲဆိုတာကို Analyze လုပ်ကြဖို့ လိုသလို စစ်အစိုးရကနေ ဒီမိုကရေစီကိုပြောင်းနေကြတာပါလား။ ရုရှားလို ပြိုကွဲပြီး အီရတ်လိုများ ပြည်တွင်းစစ်ဖြစ်လို့ သွေးချောင်းစီးနေမှဖြင့်လို့ တွေးကြောက်နေတဲ့ ခေါင်းဆောင်မျိုး တစ်ယောက်မှ မရှိရင်တော့ တိုင်းပြည်နဲ့ ထိုက်တန်မယ့် အမျိုးဘာသာသာသနာနဲ့ မြန်မာ့ထီးနန်းကို ကာကွယ်စောင့်ရှောက်မဲ့ ခေါင်းဆောင်တစ်ယောက်ကို ဘယ်လိုမှ မရနိုင်တော့ဘဲ တိုင်းပြည်ရဲ့ အနာဂတ်ကလည်း ရင်လေးစရာ ရင်မောစရာတွေပဲ ဖြစ်လာနိုင်ပါတယ်။

Credit : Tomorrow ဂျာနယ်
Mg Teza

No comments:

Post a Comment