Wednesday, October 21, 2015

ရွေးကောက်ပွဲအပြီး သုံးပတ်အကြာတွင် တစ်နိုင်ငံလုံးရလဒ် ကြေညာမည်

နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် ရက်သတ္တပတ် သုံးပတ် အကြာတွင် တစ်နိုင်ငံလုံး၏ ရွေးကောက် ပွဲ ရလဒ်စုစုပေါင်းကို ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။အောက်တိုဘာလ ၂၀ ရက်နေ့ PARKROYAL ဟိုတယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း MJA တို့ တွေ့ဆုံရာတွင် ၎င်းကယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မဲရေတွက်ပြီးတာနဲ့ ရွေးကောက်ပွဲကျင်းပပြီး နောက်တစ်နေ့ နေ့လယ်လောက်ဆိုရင် အချို့ မြို့နယ်တွေမှာ စာရင်းတွေ ထွက်လာမှာပါ၊ တစ်နိုင်ငံလုံး ရလဒ် စုစုပေါင်းကိုတော့ သုံးပတ်လောက်အကြာမှာ ကြေညာနိုင် မယ်”ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲ ကျင်းပသော မဲရုံ တွင် လာရောက်မဲပေးသူများ မရှိတော့သည့် အချိန် (ညနေ လေးနာရီ) နောက်ပိုင်းမှ စတင်ကာ မဲများကို အများပြည်သူများ ရှေ့တွင် စတင်ရေတွက်မည်ဖြစ်ပြီး ရလဒ်များကို သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများအလိုက် ကပ်ထားကြေညာမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီမှ ကိုယ်စားလှယ်လောင်းများ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

သို့သော်လည်း တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို အမှားအယွင်းများရှိနေပြီး ရွေးကောက်ပွဲ ကျင်းပရန် ရက် သတ္တပတ် နှစ်ပတ်ကျော်အလိုအထိ စာရင်းအတိအကျ မထွက်ရှိခြင်း တို့အပြင် ပြည်ပရောက်ကြိုတင် မဲပေးရာ တွင် မဲလက်မှတ်များ အပြည့်အစုံပါရှိမလာခြင်းတို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

The Voice Weekly

No comments:

Post a Comment