Thursday, October 8, 2015

ဂွါတီမာလာ မြေပြိုမှု သေဆုံးသူ (၁၇၁) ဦး ရှိသွားပြီဖြစ်


ဂွါတီမာလာ နိုင်ငံမြို့တော် ဂွါတီမာလာစီးတီး ဆင်ခြေဖုံးရှိ ကျေးရွာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူဦးရေသည် (၁၇၁)ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အစိုးရအရာရှိများက အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။ကြာသပတေးနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်ဘရေကျေးရွာ၌ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ပျောက်ဆုံးနေသူများအား ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်း အမျိုးသား ကပ်ဘေးတုံ့ပြန်ရေး ဌာနအကြီးအကဲ ဆာဂီယို ကာဘာနာစ်က ပြောဆိုခဲ့သည်။ သို့သော် ပျောက်ဆုံးနေသူများအား အသက်ရှင်လျက် ပြန်တွေ့ရန် အလားအလာ နည်းပါးနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

လွန်ခဲ့သောအပတ်တွင် မြေပြိုမှုများကြောင့် ကျေးရွာတွင်းရှိ နေအိမ်(၁၂၅) လုံး ရွှံ့ညွန်များအောက်သို့ ရောက်ရှိခဲ့သည်။ ကမ်ဘရေကျေးရွာသည် ဂွါတီမာလာစီးတီး၏ အရှေ့ဘက် (၁၅)ကီလိုမီတာ အကွာရှိ ဆန်တာကာထရီနာ ပီနူလာမြို့နယ်အတွင်း တည်ရှိသည်။ တနင်္ဂနွေနေ့တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။

ကျေးရွာနေများ နေရာရွှေ့ပြောင်းကြရန် ဒေသဆိုင်ရာ အာဏာပိုင်များက အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်သည်။ သို့သော် သွားစရာနေရာ မရှိသောကြောင့် မရွှေ့ပြောင်းနိုင်ကြောင်း ကျေးရွာနေများက ပြန်လည် ပြောဆိုခဲ့သည်။ ဂွါတီမာလာရှိ စုစုပေါင်း လူဦးရေ (၁၆)သန်းအနက် (၅၃)ရာခိုင်နှုန်းမှာ အလွန်အမင်း ဆင်းရဲမွဲတေသူများ ဖြစ်ကြသည်။

Source:AFP
Messenger News Journal

0 comments:

Post a Comment