Wednesday, October 14, 2015

ငြိမ်းချမ်းအောင်၏ဒဏ်ရာ ကစားသမားဘ၀နားရနိုင်သည်အထိ ပြင်းထန်မှုရှိနေ

ရန်ကုန်အသင်း၌ အပေါ့စားလေ့ကျင့်ခန်း ပြန်လည် ပြုလုပ်နေသည့် ငြိမ်းချမ်းအောင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-YUSC)

ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်၏ ဒဏ်ရာအနေအထားမှာ ကစားသမားဘ၀နားရနိုင်သည်အထိ ပြင်းထန်မှုရှိသည် ဟု ရန်ကုန်အသင်း မန်နေဂျာ ဦးမြင့်သိန်း ပြောသည်။ငြိမ်းချမ်းအောင်သည် ပြီးခဲ့သည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဥရောပခြေစမ်းခရီးစဉ်၌ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံထိ သွားရောက် ကုသမှုခံခဲ့ကာ နိုဝင်ဘာလအတွင်း ထပ်မံ သွားရောက်ပြသရမည် ဖြစ်သည်။ငြိမ်းချမ်းအောင်၏ ဒဏ်ရာအနေအထားနှင့် ပတ်သက်၍ “ငြိမ်းချမ်းအောင်ဒဏ်ရာက ကစားသမားဘ၀နားရနိုင်တဲ့အထိ ပြင်းထန်ခဲ့တာပါ။ အခုတော့ နည်းနည်းသက်သာနေပါပြီ။ အသင်းနဲ့ လေ့ကျင့်ခန်း မလုပ်နိုင်သေးပေမယ့် သူ့ဘာသာ အပေါ့စားပုံစံမျိုး Gym ခန်းမှာတော့ ပြန်လုပ်နေပါပြီ။ ဖြစ်ဖြစ်ချင်းကတော့ တော်တော်ဆိုးပါတယ်။ ဒဏ်ရာရနေရဲ့နဲ့ ပွဲထပ်ကစားတော့ ပိုဆိုးသွားတာပါ။

သူ့ကစားသမားဘ၀ နားရမယ့် အခြေအနေလောက်ထိ စိုးရိမ်ခဲ့ရတာပါ။ အဖွဲ့ချုပ်ကပဲ သူ့ကိုတာဝန်ယူပြီး ဘန်ကောက်မှာ ပြသပေးနေတာပါ။ နောက်လမှာ ထပ်ပြရပါမယ်။ ပြန်ကစားနိုင်ဖို့ကတော့ ကုသမှုနဲ့ သူ့ရဲ့ လေ့ကျင့်မှု ဇွဲ ရဖို့လိုပါတယ်။” ဟု ဦးမြင့်သိန်းက ပြောသည်။ငြိမ်းချမ်းအောင်သည် မနောမြေလူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းများ၌ ရွေးချယ်ခံခဲ့ရကာ လက်ရွေးစင်ပွဲပေါင်း ၂၆ ပွဲ၌ ၉ ဂိုးထိ သွင်းယူပေးထားသည့် ကစားသမား တစ်ဦး ဖြစ်သည်။ရန်ကုန်ယူနိုက်တက်အသင်းသည် ငြိမ်းချမ်းအောင်ကို ၂၀၁၅ ဘောလုံးရာသီ၌ မနောမြေအသင်းမှ ခေါ်ယူခဲ့သော်လည်း အသင်းအတွက် ၂၀၁၅ ဘောလုံးရာသီအတွင်း တစ်ပွဲမှ ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးပေ။

Mizzima

No comments:

Post a Comment