Monday, January 25, 2016

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပေါ်ပေါက်မည်ဆိုသော ခြိမ်းခြောက်မှုကြောင့် ဆွီဒင်တက္ကသိုလ်တစ်ခု ပိတ်ခဲ့ရ


အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ပေါ်ပေါက်လာမည်ဆိုသော ခြိမ်းခြောက်မှု သတင်းစကားကြောင့် ဆွီဒင်ရှိ တက္ကသိုလ် တစ်ခုကို အရေးပေါ် ပိတ်လိုက်ရကြောင်း သိရသည်။နိုင်ငံအလယ်ပိုင်းရှိ အော်ရီဘရို တက္ကသိုလ်ကို ဇန်နဝါရီ ၂၅ ရက်တွင် ပိတ်ထားလိုက်ရပြီး လုံခြုံရေး တပ်ဖွဲ့များက တက္ကသိုလ် ပရဝုဏ်ကို ထိန်းချုပ်ကာ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ “Jodel Appမှာ အော်ရီဘရို တက္ကသိုလ်ကို ရည်ရွယ်ထားတဲ့ ခြိမ်းခြောက်မှုတစ်ခု တင်ထားတာ တွေ့ရလို့ပါ”ဟု တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၂၄ ရက်၌ ဖော်ပြထားသည်။“ကျောင်းသူကျောင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေရဲ့ လုံခြုံရေးအပေါ် ပေါ့ပေါ့ဆဆ သဘောမထားရဲပါဘူး။ ဒါကြောင့် ရဲတွေနဲ့ ဆွေးနွေး အကြံယူပြီး ဇန်နဝါရီ ၂၅ ရက်မှာ တက္ကသိုလ်ကို ပိတ်ထားခဲ့တာပါ”ဟုလည်း ဝက်ဘ်ဆိုက်၏ ကြေညာချက်တွင် ရေးသားထားသည်။

Jodelသည် ဂျာမနီက ပြုလုပ်သည့် မိုဘိုင်းဖုန်း Appတစ်ခုဖြစ်ပြီး ကျောင်းတစ်ကျောင်း၊ တက္ကသိုလ် တစ်ခု၏ ကျောင်းသူကျောင်းသားများကြား အမည်ဖော်ပြစရာ မလိုဘဲ ဆက်သွယ်ဆွေးနွေးနိုင်ပြီး ဆွီဒင် တက္ကသိုလ်များတွင် အလွန်ခေတ်စားနေသည်။

ဆွီဒင်သတင်းဌာနက TT၏ ဖော်ပြချက်အရ ဇန်နဝါရီ ၂၃ ရက်တွင် Jodelပေါ်၌ တစ်စုံတစ်ဦးက အော်ရီဘရို တက္ကသိုလ် ကျောင်းသူကျောင်းသားများ အနေဖြင့် အသက်နှင့်ခန္ဓာ မြဲလိုပါက တနင်္လာနေ့တွင် ကျောင်းမတက်ကြရန်
ရေးသားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက်ကတည်းက တက္ကသိုလ် ပရဝုဏ် အတွင်းတွင် ရဲများက နေရာယူ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း TTက ဆိုသည်။ အဆိုပါ တက္ကသိုလ်တွင် ကျောင်းသူကျောင်းသား ၁၇၀၀၀ နှင့် ဝန်ထမ်း ၁၂၀၀ မျှ ရှိနေသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဆွီဒင်တောင်ပိုင်း လွန်းတက္ကသိုလ်တွင်လည်း အလားတူ ခြိမ်းခြောက်မှုမျိုး ပေါ်ပေါက်ခဲ့ဖူးရာ ကျောင်းတစ်ရက် ပိတ်ခဲ့ရကြောင်း သိရှိရသည်။

Ref: AFP
7Day Daily

No comments:

Post a Comment