အပြည်ပြည်ဆိုင်ရာ တင်းနစ်အစည်းအရုံး(ITF)နှင့် ကမ္ဘာ့တားမြစ်ဆေးဝါး ထိန်းချုပ်ကန့်သတ်ရေးအဖွဲ့(WADA)တို့သည် လက်ရှိတွင် ရှာရာပိုဗာကို ပြစ်ဒဏ်ချမှတ်ရန်အတွက် ဖြစ်စဉ်အသေးစိတ်ကို ပြန်လည်စစ်ဆေးလေ့လာနေပြီဖြစ်ပြီး ယခုဖြစ်စဉ်အတွက် အမြင့်ဆုံးချမှတ်နိုင်သည့်ပြစ်ဒဏ်ပမာဏမှာ ပြိုင်ပွဲများပါဝင်ကစားခွင့် လေးနှစ်ကျော်ပိတ်ပင်ခြင်းဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
အသက် ၂၈ နှစ်အရွယ်ရှိ ရှာရာပိုဗာသည် လက်ရှိတွင် လော့စ်အိန်ဂျလိစ်ကမ်းခြေ၌ ပုံမှန်အတိုင်းပင် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး သူမအနေနှင့် အကောင်းဆုံးကိုမျှော်လင့်၍ အဆိုးဆုံးအခြေအနေကိုရင်ဆိုင်ရန်လည်း အသင့်ပြင်ထားသည်ဟု ရှာရာပိုဗာက အသိပေးထားသည်။
မယ်လ်ဒိုနီယမ်သည် သွေးအားနည်းဝေဒနာကိုကုသရာတွင် လွန်စွာအရေးပါသည့် ဆေးဝါးတစ်ရပ်ဖြစ်ကာ သူမအနေနှင့် အမျိုးမျိုးသော ကျန်းမာရေးပြဿနာများကြောင့် မယ်လ်ဒိုနီယမ်ဆေးဝါးကို မှီဝဲနေခဲ့ရသည်မှာ လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ကတည်းကဖြစ်ကြောင်းလည်း ရှာရာပိုဗာက ၀န်ခံထားသည်။
ITF သည် ရှာရာပိုဗာကို လာမည့်မတ်လ ၁၂ ရက်နေ့မှစတင်၍ ပြိုင်ပွဲများ ပါဝင်ကစားခြင်းမပြုရဟု တားမြစ်ကန့်သတ်လိုက်ပြီဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်စီရင်ရာတွင် အဆိုပါမတ်လ ၁၂ ရက်နေ့မှစတင်၍ အကျုံးဝင်လိမ့်မည်ဟု ITF က ဆိုသည်။
The Voice Weekly

No comments:
Post a Comment