၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ဝင်ငွေခွန် ကျပ်ငွေ ၁၀၇ ဒသမ ၁၅၅ ဘီလီယံကျော် ပေးဆောင်ခဲ့သည့်အတွက် တစ်နိုင်ငံလုံးအနေနှင့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် ပထမနေရာကို ကမ္ဘောဇဘဏ်က ခြောက်နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း ယင်းဘဏ်ထံမှ သိရသည်။
ကမ္ဘောဇဘဏ်သည် ဝင်ငွေခွန်ကို အများဆုံး ပေးဆောင်နေသည့်အပြင် ၂၀၁၇-၂၀၁၈ အခွန်စည်းကြပ်နှစ် အတွက် ကြိုတင်ခွန် ကျပ်ငွေ ၃၂ ဘီလီယံ ပေးဆောင်ထားပြီး ၂၀၁၈-၂၀၁၉ ခုနှစ် အခွန်စည်းကြပ်နှစ် အတွက် ကြိုတင်ခွန် ကျပ်ငွေ ၃၈ ဘီလီယံ ပေးသွင်းခဲ့ကြောင်း၊ လာမည့်ဘဏ္ဍာနှစ်အတွက်လည်း ကြိုတင် ခွန်ပေးနိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း ယင်းဘဏ်ထံမှ သိရသည်။
ကမ္ဘောဇဘဏ်သည် ပြည်တွင်းဆုနှင့် ပြည်ပဆုများလည်း ရရှိထားရာ ပြည်တွင်းဆုများအနေနှင့် အစိုးရက ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆု၊ အထူးဂုဏ်ထူးဆောင် နိုင်ငံ့စွမ်းဆောင်ရည်ဆုများနှင့် အခြားဆု များကို နှစ်စဉ်ရရှိသည့်အပြင် နိုင်ငံတကာက ပေးအပ်သည့်ဆုများလည်း ရရှိခဲ့သည်။
ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲပေါင်း ၅၀၀ ကျော်၊ ATM စက်ပေါင်း တစ်ထောင်ကျော်၊ ဝန်ထမ်းအင်အား နှစ်သောင်းကျော်ဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးခွဲများကိုလည်း ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ဖွင့်လှစ်ထားသည်။
The Voice







0 comments:
Post a Comment