Sunday, January 21, 2018

မြန်မာနိုင်ငံ၏အကြွေး ၂ နှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကျော် ပိုများလာ

မြန်မာနိုင်ငံက ပြည်တွင်း၊ ပြည်ပသို့ပေးရမည့် အကြွေးသည် ၂ နှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကျော် ပိုများလာသည်။ ဒီချုပ်အစိုးရ မတက်မီ ၂၀၁၅ ဒီဇင်ဘာလကုန်တွင် ယခင်အစိုးရက ထုတ်ပြန်ခဲ့သော နိုင်ငံခြားသို့ ပေးဆပ်ရမည့် အကြွေးဒေါ်လာ ၉ ဒသမ ၁ ဘီလီယံကျော်ရှိခဲ့သည်။ ဒီချုပ်အစိုးရ လက်ထက် ၂၀၁၇ အောက်တိုဘာလ ကုန်အထိ မြန်မာနိုင်ငံ၏ အကြွေးစာရင်း ကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံကျော် ရှိသည်။
၂ နှစ်အတွင်း နိုင်ငံခြားမှ ငွေချေးယူရာတွင် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများထံမှ ချေးငွေ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရှိပြီး ၂၀၁၅ ထက် ကန်ဒေါ်လာ ၂၅၁ သန်း ပိုမိုချေးယူခဲ့သည်။ ၂၀၁၅ ဒီဇင်ဘာက ထုတ်ပြန်သည့် မြန်မာနိုင်ငံကနိုင်ငံခြားသို့ ပြန် လည်ပေးဆပ်ရမည့် ချေးငွေ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ကျော်ရှိသည်။

နှစ်နိုင်ငံ ချေးငွေများတွင် ၂ နှစ်အတွင်း ကန်ဒေါ်လာ ၁၂၉ သန်း ပိုများလာပြီး လက်ရှိ၌ အကြွေး ကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံကျော်ရှိသည်။ ၂၀၁၅ ဒီဇင်ဘာက ထုတ်ပြန်ချက်တွင်၇ ဒသမ ၈ ဘီလီယံကျော်ရှိခဲ့သည်။

အစိုးရက ပေးဆပ်ရမည့် ပြည်တွင်းကြွေးမြီပမာဏသည် ၂ နှစ်အတွင်း ကျပ် ဘီလီယံ ၅,၆၀၀ ကျော် တိုးမြင့်လာသည်။ လက်ရှိ ပြည်တွင်းအကြွေးကျပ် ဘီလီယံ ၁၉,၃၆၀ ရှိပြီး ၂၀၁၅ ဒီဇင်ဘာက ကျပ် ၁၃,၆၈၄ ဘီလီ ယံရှိသည်။

တိုးမြင့်လာသည့် ကြွေးမြီ ပမာဏသည် အစိုးရဘတ်ဂျက် ရေးဆွဲရာတွင် သတ်မှတ်သည့် ကန်တစ်ဒေါ်လာ ကျပ် ၁,၃၈၀ ဖြင့် တွက်ပါက ကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း ကြွေးမြီအများစုသည် ဗဟိုဘဏ် ချေးငွေများဖြစ်ပြီး ငွေတိုက်စာ ချုပ်၊ ငွေတိုက်လက်မှတ် ရောင်း ချခြင်းမှ ပြန်လည်ပေးဆပ်ရမည့် ငွေ များပါဝင်သည်။ 
 
အစိုးရ၏ ဗဟိုဘဏ်မှ ချေးငွေသည် ငွေ စက္ကူရိုက်ထုတ်ခြင်းဖြစ်ကြောင်းစီးပွား ရေးပညာရှင်အချို့က ပြော ကြားသည်။

မြန်မာနိုင်ငံ၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရှေ့ပြေးဘတ်ဂျက် တွင် လိုငွေပမာဏ ကျပ် ၃,၉၈၉ ဘီလီယံရှိနေသည်။

အဆိုပါဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ငွေတိုက်စာချုပ် ၃၀ ရာခိုင်နှုန်း၊ ငွေတိုက်လက်မှတ် ၃၀ ရာခိုင်နှုန်း ရောင်းချ ဖြည့် ဆည်းခြင်းအပြင် ကျန် ၄၀ ရာခိုင် နှုန်းကို ဗဟိုဘဏ်က ငွေရိုက် ထုတ်ပြီး ဖြည့်ဆည်းရန် အစိုးရ အနေဖြင့် ဘဏ္ဍာရေးမူဝါဒချမှတ်ထားသည်။

ဝန်ကြီးဌာန ၁၃ ခုနှင့် ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ သည် ပြည်ပအကြွေးပေးရမည့် စာရင်းတွင် ပါဝင်သည်။ ပြည်ပ ချေးငွေ ပေးဆပ်ရန်ကျန်ရှိသည့် ဝန်ကြီးဌာနများတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အများဆုံး ဖြစ်ပြီး ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော်ရှိသည်။

ဒုတိယ အများဆုံးသည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဖြစ်ပြီး ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကန်ဒေါ်လာ ၁ ဒသမ၅ ဘီလီယံခန့် ကျန်ရှိနေသည်။

7Day


No comments:

Post a Comment