Wednesday, January 24, 2018

ရမည်းသင်းတွင် တရားမဝင်ရွှေတူးဖော်မှုကို လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ဖမ်းဆီး


ရမည်းသင်းမြို့နယ် ဝါးဖြူတောင် ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာအနီးတွင် တရားမဝင်ရွှေ တူးဖော်နေကြောင်း သတင်းအရ ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ဦးဆောင်သည့်အဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
ယင်းနေရာကိုစုံစမ်း၍ သွားရောက်ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့က ရမည်းသင်းမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

“ချောင်းဖျားကျေးရွာအနီးမှာ တရားမဝင် ရွှေသတ္တုတူးဖော်နေတယ်။ ဘက်ဟိုးနှစ်စီးနဲ့ အကြီးအကျယ်လုပ်နေ တယ် သတင်းရလို့သွားဖမ်းပါတယ်။ ရဲတပ်ဖွဲ့နဲ့ ထွေအုပ်လည်းပါတယ်။ ၂၁ ရက်နေ့ မနက် ၁၁ နာရီလောက် မှာတွေ့တယ်။ ၁၁ ခွဲလောက်မှာ လုပ်ကွက်ကို ရောက်တယ်”ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ သွားရောက်ဖမ်းဆီးရာတွင် သတင်းပေါက်သည်ဟု ယူဆရကြောင်း၊ ဘက်ဟိုးယာဉ်ကို ရွှေတူးရာနေရာနှင့် တစ်မိုင်အကွာတွင် တွေ့ရသောကြောင့် အဆိုပါဘက်ဟိုးကားကို တားဆီး၍ ချိန်းပတ်ကားလမ်းကြောင်းအတိုင်း လိုက်စစ်ဆေးရာတွင် လုပ်ကွက်နေရာကို တွေ့ရကြောင်း၊ လုပ်ကွက်နေရာမှ ရွှေတူးဖော်ရေးလုပ်ငန်းနှင့်သက်ဆိုင်သော ဆက်စပ်ပစ္စည်း အမျိုး ၄၀ နီးပါးကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ကြီးကြပ်၊ ယာဉ်ပိုင်ရှင်အပါအဝင် လူခုနစ်ဦးကို သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (ခ) ဖြင့် ရမည်းသင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဦးထွန်းထွန်းဝင်းက ရှင်းပြသည်။

The Voice

No comments:

Post a Comment