Saturday, January 27, 2018

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်ကို စာနာသနားမိကြောင်း ဖိလစ်ပိုင်သမ္မတပြော


ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ဆူညံပွက်လောရိုက်နေမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စာနာသနားမိကြောင်းနဲ့ စိတ်ရှုပ်မခံသင့်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ပြုလုပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးကို တက်ရောက် လာတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ဖိလစ်ပိုင်-အိန္ဒိယ စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားတဲ့အထဲ မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

“ကျနော် သူ့ကို စာနာသနားမိပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်လည်း ဖြစ်နေတော့ ပိတ်မိနေတဲ့ အခြေအနေမျိုးပေါ့။ ခုကျတော့ အုတ်အော်သောင်းတင်းဖြစ်ပြီး သူလည်းအကြီး အကျယ် ဝေဖန်ခံနေတာပေါ့။”

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံလာကြသူ ၆၅၅၅၀၀ ကျော်ရှိတဲ့ ဒုက္ခသည်တွေအရေးမှာ ရပ်တည်ဖြေရှင်း ပြောဆိုဖို့ ပျက်ကွက်တယ်ဆိုပြီး နိုင်ငံတကာရဲ့ဝေ ဖန်ပြစ်တင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စာနာတဲ့ ဒူတာတေးကိုယ်တိုင်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုကို ခံနေရသူဖြစ်ပါတယ်။

ဒူတာတေးရဲ့ မူးယစ်ဆေဝါး ဆန့်ကျင်ရေးတိုက်ပွဲမှာ မူးယစ်ဆေးဝါး ရောင်းသူ၊ သုံးသူလို့ သံသယရှိသူ ၃၉၀၀ ကျော် သေဆုံးတဲ့ကိစ္စကို လူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့တွေက  ပြင်းပြင်းထန်ထန် ဝေဖန်နေကြ တာဖြစ်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကတော့ လက်နက်ကိုင်ထားတဲ့ သံသယရှိသူတွေက ဖမ်းဆီးရာမှာ ခုခံကြလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလို့ ပြောဆိုကြပါတယ်။

DVB

 

No comments:

Post a Comment