Thursday, March 8, 2018

ငြိမ်း၊စု၊စီ ဥပဒေကြမ်းကို NLD အစစ်တွေကတင်လိမ့်မည်ဟု မထင်ထားကြောင်း သမ္မတရုံးဝန်ကြီးဟောင်း ပြော


ငြိမ်း၊စု၊စီ ဥပဒေကြမ်းကို NLD အစစ်တွေက တင်လိမ့်မည်ဟု မထင်ထားကြောင်း ယခင်သမ္မတရုံးဝန်ကြီး ဟောင်းနှင့် ယခု ကယားပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောသည်။
“၂၀၁၆ မှာ တက်လာတဲ့အစိုးရက ၂၀၂၁ အထိ ပိုပြီးတော့ ဒီမိုကရေစီဖန်တီးပေးမယ်လို့ ကျွန်တော်မျှော်လင့် တယ်။ ပြောင်းပြန်ဖြစ်သွားရင်တော့ ကျွန်တော် ၀မ်းနည်းတယ်။ မင်းတို့ဆန္ဒမပြနဲ့လို့ ပြောတာနဲ့အတူတူပဲ။ ဒီဥပဒေကို တင်သွင်းတဲ့အကြောင်းအရင်းက N.L.D အစစ်တွေက တင်မယ်လို့ မထင်ဘူး၊ တကယ်လို့ ဒီဥပဒေကိုအတည်ပြုလိုက်မယ်ဆိုရင် ရက်ရက်စက်စက် ထိခိုက်ပြီး ပြောင်းပြန်ဖြစ်သွားနိုင်တယ်”ဟု ဦးစိုးသိန်းက ပြောကြားသည်။

မတ်လ ၇ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး ငြိမ်း၊ စု၊ စီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ဆွေးနွေးခဲ့ပြီးနောက် အမျိုးသားလွှတ်တော်အစည်းအဝေး ခေတ္တနားချိန်၌ ဦးစိုးသိန်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအမျိုးသားလွှတ်တော်မှ အတည်ပြုပြဌာန်းလိုက်သည့် ပြင်ဆင်ချက်အချို့သည် ဆန္ဒပြသူများအား ထိန်း ချုပ်ရာ ရောက်မရောက်နှင့်စပ်လျဉ်း၍ ဒုတိယဗိုလ်မှူးကြီး တင်လင်းဦး ပြောကြားရာတွင် ဥပဒေ၌ပါဝင်သည့် ကန့်သတ်ချက်များ၊ ပြင်ဆင်ချက်များ များပြားနေသလို ၂၀၁၆ ခုနှစ်တွင်ပြဌာန်းခဲ့သည့် ငြိမ်း၊ စု၊ စီ ဥပဒေအရ ပြစ်ဒဏ် (၁) နှစ်ပြဌာန်းခဲ့ရာမှ ယခု (၂)နှစ်ပြဌာန်းခဲ့ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်မှ ငြိမ်း၊စု၊စီဥပဒေပြင်ဆင်ချက်အချို့အား ပြင်ဆင်ပြဌာန်းခဲ့သည့်အပေါ် N.LD လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်ခဲ့ ကြသော်လည်း လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့ရာ ထောက်ခံမဲများသည့်အတွက် အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့သလို ပြည် သူ့လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်ပြီး ၎င်းမှတဆင့် နောက်ဆုံး ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ် ရမည်ဖြစ်ကြောင်း သိရသည်။

ဝေမိုး (နေပြည်တော်)
News Watch
 

 

No comments:

Post a Comment