Wednesday, April 18, 2018

နွေကာလဖြစ်သည့် ဧပြီနှင့် မေလအတွင်း လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်လာနိုင်သည့်အတွက် အထူးဂရုပြုနေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်


နွေကာလဖြစ်သည့် ဧပြီနှင့် မေလတွင် လေပြင်းများတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြုနေထိုင်ကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီနှင့်မေလတို့တွင် နေ့အပူချိန် တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပေါင်းတည်မြို့နယ်နှင့် သာယာဝတီခရိုင် နတ္တလင်းမြို့နယ်တို့တွင် အိမ်ခြေ ၆၀၀ ကျော် ပျက်စီးပြိုလဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုမှာ ဧပြီ ၁၆ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခတ်ချိန် ကြာမြင့်ခြင်းမရှိသော်လည်း တိုက်ခတ်နှုန်း ပြင်းထန်သောကြောင့် နေအိမ်များလဲပြိုခြင်း၊ အမိုးသွပ်များလန်ခြင်း၊ သစ်ပင်များကျိုးပြတ်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

အနောက်ဘက်မှလာသော လေအေးနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများ တွေ့ဆုံမှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအနှံ့တွင် နောက်လေးရက်ခန့် မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်းနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် သုံးဒီဂရီစင်တီဂရိတ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ပျမ်းမျှ အပူချိန်ခန့်သာရှိပြီး ထူးခြားသည့်နေ့အပူချိန်များမှာ တောင်ငူမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ ပျဉ်းမနားမြို့၊ ဆင်ဖြူကျွန်းနှင့် ဘော်လခဲမြို့တို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်စီဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိုးရွာသွန်းမှုအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် မိုင်းဆတ်မြို့နှင့် မုံရွာမြို့တို့တွင် သုည ဒသမ ၄၄ လက်မစီ၊ ပင်လောင်းမြို့တွင် သုည ဒသမ ၃၉ လက်မ၊ ဟဲဟိုးမြို့တွင် သုည ဒသမ ၃၅ လက်မ၊ ကျိုင်းတုံမြို့တွင် သုည ဒသမ ၃၂ လက်မနှင့် နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် သုည ဒသမ ၂၄ လက်မစီ ရွာသွန်းခဲ့ကြောင်း သိရသည်။

နီလာ
Eleven Media Group
Thursday, April 19, 2018

No comments:

Post a Comment