Thursday, April 26, 2018

မြန်မာနိုင်ငံ၏ အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီများအနက်တစ်ခုအဖြစ် တယ်လီနောအား အသိအမှတ်ပြု


မြန်မာနိုင်ငံ၏ အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီများအနက်တစ်ခုအဖြစ် တယ်လီနောအား ရန်ကုန်တိုင်းအစိုးရက အသိအမှတ်ပြု ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှုးပြီး ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ် အတွက် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် လုပ်ငန်းများအား မှတ်တမ်းတင် ဂုဏ်ပြုလွှာ ချီးမြင့် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ပေးအပ်သော ဂုဏ်ပြုလွှာကို တယ်လီနောမှ တာဝန်ရှိသူများ တက်ရောက်လက်ခံရယူခဲ့သည်။ ယင်းဂုဏ်ပြုလွှာကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း က ပေးအပ်ခဲ့ပြီး တယ်လီနော အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က လက်ခံရယူခဲ့သည်။

ဇန်န၀ါရီအတွင်းက ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံတော် အစိုးရ၏ တစ်နှစ်တာ အတွင်း အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီများ စာရင်းအရ တယ်လီနော မြန်မာသည် ဝင်ငွေခွန် အဖြစ် ကျပ်ငွေ ၂၄ ဘီလီယံကျော် ထမ်းဆောင်ခဲ့ပြီး ဝင်ငွေခွန် ပေးဆောင်မှု အများဆုံး နိုင်ငံတကာ ကုမ္ပဏီများ စာရင်းတွင် နံပါတ် ၅ နေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် အဆိုပါ စာရင်း ဇယားများ အရ တယ်လီနောသည် ထိပ်တန်း အခွန်ပေးဆောင်မှု စာရင်းတွင် ပါဝင်သည့် တစ်ခုတည်းသော ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး အခြားသော ကော်ပရိတ် ဝင်ငွေခွန် ပေးဆောင်မှု အများဆုံး နိုင်ငံတကာ ကုမ္ပဏီ ၄ ခုမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတို့မှ ဖြစ်သည်။

“မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေအတွက် အခွန်ကနေ ၀င်ငွေရရှိမှုဟာ နိုင်ငံအတွက် အလွန်အရေးပါ ပါတယ်။ တာဝန်သိ မြန်မာကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ တယ်လီနောအနေနဲ့ အခုလို သိသာ ထင်ရှားတဲ့ အခွန် ပမာဏ ပေးဆောင်ပြီး နိုင်ငံနဲ့ နိုင်ငံသူ/သားတွေ ကောင်းကျိုးအတွက် တစ်ထောင့်တစ်ကဏ္ဍကနေ အကျိုးပြု နိုင်တဲ့အတွက် ၀မ်းမြောက်မိပါတယ်”ဟု Lars Erik Tellmann က ပြောသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းစတင် လုပ်ဆောင် သည့်အချိန်မှစ၍ ယခုအချိန်အထိ ကာလအတွင်း တယ်လီနောသည် ဝင်ငွေခွန် အဖြစ် ကျပ်ငွေ ၂၂၀ ဘီလီယံ ကျော်နှင့် ကုန်သွယ်ခွန်အဖြစ် ကျပ်ငွေ ၆၅ ဘီလီယံကျော် အသီးသီး ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီ အနေဖြင့် ယင်းကာလ အတွင်း အခွန် အရပ်ရပ်အဖြစ် ကျပ်ငွေ ၃၈၅ ဘီလီယံကျော် ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။

လက်ရှိအချိန်တွင် တယ်လီနောသည် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည့်အပြင် လာမည့်နှစ်များအတွင်း ကွန်ရက်ပိုမို ကျယ်ပြန့်လာစေရန်နှင့် ကွန်ရက် အရည်အသွေး ပိုမိုကောင်းမွန် လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး
Popular News Journal

No comments:

Post a Comment