Thursday, April 12, 2018

အိန္ဒိယအာဏာရပါတီမှ လွှတ်တော်အမတ်ကို မုဒိမ်းမှုဖြင့် စစ်ဆေးရန်ညွန်ကြား


လွှတ်တော်အမတ်ဟာ ယမန်နှစ်အတွင်း အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက အူတာပရာဒက်ရှ်ပြည်နယ်မှ အာဏာရပါတီ လွှတ်တော်အမတ်တစ်ဦးကို မုဒိမ်းကျင့်မှုဖြင့် စုံစမ်းစစ်ဆေးရန် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

အာဏာရ BJP (Bharatiya Janata Party) ပါတီမှ အသက် ၅၀ နှစ်အရွယ် Kuldeep Singh Sengar အမည်ရှိ လွှတ်တော်အမတ်ဟာ ယမန်နှစ်အတွင်း အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ ၎င်းကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားခဲ့ပါတယ်။

မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးဟာ သူမရဲ့ဖြစ်ရပ်ကို ရဲစခန်းက အမှုဖွင့်လက်ခံဆောင်ရွက်ပေးခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်နယ်ဝန်ကြီးချုပ်ရဲ့ နေအိမ်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရပါတယ်။

သူမရဲ့ဖခင်ဖြစ်သူဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လွှတ်တော်အမတ် Sengar ကို ထောက်ခံသူတွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ လွှတ်တော်အမတ်ကို ဖမ်းဆီးခြင်းရှိ မရှိနဲ့ မည်သည့်အချိန်မှာ ဖမ်းဆီးသွားမယ်ဆိုတာ မသိနိုင်သေးကြောင်း ဒေသခံသတင်းတွေက ပြောပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့ကတော့ လွှတ်တော်အမတ်ကို မည်သည့်အချိန်မှာ ဖမ်းဆီးရမည်ကို ဗဟိုထောက်လှမ်းရေးဌာနက ညွှန်ကြားသွားမယ်လို့ ဆိုပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကတော့ လွှတ်တော်အမတ်ကို ချက်ချင်း ဖမ်းဆီးသင့်ကြောင်း ဝေဖန်ပြောဆိုကြပါတယ်။

မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးရဲ့ မိသားစုရဲ့ အဆိုအရ လွှတ်တော်အမတ်က အမှုဖွင့်တိုင်ကြားခြင်းမပြုရန် ဆက်လက် ခြိမ်းခြောက်နေကြောင်းနဲ့ ဒေသဆိုင်ရာအစိုးရကလည်း ယခုကိစ္စကို အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရပါတယ်။

မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးရဲ့ဖခင်ဖြစ်သူကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လွှတ်တော်အမတ်ကို ထောက်ခံသူတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီးနောက် ဖမ်းဆီးခဲ့ပါတယ်။ သို့သော် မိန်းကလေးရဲ့ဖခင်ဟာ အချုပ်ထောင်ကနေ ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

လွှတ်တော်အမတ်နဲ့ ညီအစ်ကိုတော်စပ်သူက မိန်းကလေးရဲ့ဖခင်ကို ရိုက်နှက်ခဲ့ကြောင်းနဲ့ သေဆုံးရမှုအတွက် ၎င်းမှာ တာဝန်ရှိကြောင်း မိန်းကလေးရဲ့မိသားစုက ပြောပါတယ်။

မုဒိမ်းကျင့်ခံရတဲ့ မိန်းကလးရဲ့ဖခင် သေဆုံးခဲ့မှုအပေါ် ဆိုရှယ်မီဒီယာမှာ ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ကာ မိသားစုထံမှလည်း ဆန္ဒပြမှုတွေ ရှိလာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က Atul Singh Sengar ကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အိန္ဒိယမှာ ၂၀၁၂ ခုနှစ်က ဒေလီဘတ်စ်ကားတစ်စီးပေါ်မှာ ကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် လိင်အကြမ်းဖက်မှုတွေကို ပိုမိုပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်နေပါတယ်။ သို့သော် အမျိုးသမီးများနဲ့ ကလေးတွေကို လူမဆန်တဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ အိန္ဒိယတစ်ဝှမ်း ဆက်လက် ဖြစ်ပွားနေတဲ့ သတင်းများလည်း ရှိနေကြောင်း သိရပါတယ်။




Duwun

No comments:

Post a Comment