Wednesday, April 11, 2018

တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်လာရေး ပြည်ထောင်စုတရားသူကြီးချုပ် ကြပ်မတ်ရန် နိုင်ငံတော် သမ္မတ ညွှန်ကြား


အဂတိလိုက်စားမှုကင်းရှင်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမို ၀င်ရောက်လာမည်ဖြစ်သဖြင့် တစ်နိုင်ငံလုံး၏ တရား စီရင်ရေးမဏ္ဍိုင်တည့်မတ်ရေးကို ပြည်ထောင်စုတရားသူကြီးချုပ်ကကြပ်မတ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ က ညွှန့်ကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများကို ယနေ့ (ဧပြီ ၁၁ရက်) မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ က တရားခွင်များတွင် တရားသူကြီးများအနေဖြင့် ဥပဒေများ၊ ကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျမြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆင်ခြင်တုံတရားနှင့်ယှဉ်၍ ဆုံးဖြတ်ကြရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကင်းရှင်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမို ၀င်ရောက်လာမည်ဖြစ်ကာ တိုင်းပြည်၏ စီးပွားရေးမှာလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပြည်ထောင်စုတရားသူကြီးချုပ်အနေဖြင့် တစ်နိုင်ငံလုံး၏ တရား စီရင်ရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွား ရမည်ဖြစ်သည်အပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များအထိ အဆင့်ဆင့်တာဝန်ယူမှု တာဝန်ခံမှု စနစ်များဖြင့် ဆင့်ကဲဆင့်ကဲကြပ်မတ်ဆောင်ရွက်သွားရန်၊ တရားရေး ဆိုင်ရာ ၀န်ထမ်းများ၏ ရွှေ့ပြောင်းခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အမှန်တကယ် အရည်အချင်းရှိသူများနှင့် တရားရေးမဏ္ဍိုင်ကို မှန်ကန်စွာ အထောက်အပံ့ပြု တည့်မတ်ပေးနိုင်မည့်သူများကိုသာ ဦးစားပေး ခန့်အပ်တာဝန်ပေးကြ ရန်နှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များ၊ တရားဥပဒေ စိုးမိုးရေး စင်တာများ၏ ထောက်ပံ့ကူညီမှုများဖြင့် တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း သမ္မတ ဦးဝင်းမြင့် က မှာကြားသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး က တရားစီရင်ရေးဆိုင် ရာကိစ္စရပ်များ၊ သက်သေခံပစ္စည်းစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ တရားရုံးများကြုံတွေ့ရ သည့်အခက်အခဲများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တာဝန်ယူဆောင်ရွက်လျှက်ရှိ သည့် လုပ်ငန်းတာဝန်များ၊ ရုံးထိုင်ကြားနာပေးခဲ့သည့် အမှုအမျိုးအစားအလိုက်အရေ အတွက်များ၊ ၀န်ထမ်းဖွဲ့စည်းပုံပြင်ဆင်မှုအခြေ အနေများစပ်လျဉ်း၍ ပြန်လည် ရှင်းလင်းတင်ပြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသည့် ဦးသာဌေး၊ ဦးမြသိမ်း၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်နှင့် ဦးခင်မောင်ကြည်တို့ တက်ရောက်ကြသည်။

The Voice

No comments:

Post a Comment