KNPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မီတီ(PNC) နှင့်အစိုးရ NRPC ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့အကြား နှစ်ဖက်တရားဝင် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်မှုတွင် -
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) မှ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေးကော်မီတီ(PNC) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့၏ နှစ်ဖက် တရားဝင်ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဧပြီလ(၂၆) ရက်နေ့ မှ (၂၇) ရက်နေ့အထိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ရှိပြည်နယ်ခန်းမ၌ ကျင်းပမည် ဖြစ်ပါသည်။
ဤဆွေးနွေးပွဲ၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် KNPP နှင့် အစိုးရတို့အကြား ချုပ်ဆိုခဲ့သော နှစ်ဖက်သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက်ပြည်နယ်အဆင့်နှင့် ဒေသအဆင့်ပူးတွဲစောင့်ကြည့်ရေးကိစ္စများ၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့ကိစ္စများ၊ လူမှုရေးကူညီ ထောက်ပံ့မှုကိစ္စများ၊ ပြည်နယ်အတွင်း INGO နှင့် NGO များ လုပ်ငန်းဆောင်ရွက်မှုကိစ္စများ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှုကိစ္စများ၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေး တာဝန်ခံများ ပြန်လည် ထားရှိရေးကိစ္စများနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးသွား မည်ဖြစ်ပါသည်။
KNPP ၏ ဖိတ်ခေါ်ချက်အရ ပြည်နယ်အတွင်းရှိ ဒေသခံနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်း ခေါင်းဆောင်များနှင့် NCA အား လက်မှတ်ရေးထိုး ထားပြီးသော ညီနောင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ဤဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်မည်ဖြစ်ပါသည်။
KNPP အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖေါ်ဆောင်နိုင်မှုကို ရှေ့ရှုလျက် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ချုပ်ဆိုခဲ့သော နှစ်ဖက်သဘောတူညီချက်များကို ဆက်လက်အကောင်အထည် ဖော်နိုင်ရန် အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
The Ladies News

No comments:
Post a Comment