Wednesday, April 25, 2018

NVC ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံအတွင်း မည်သည့်နေရာမဆို သွားလာခွင့်ရသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


NVC ကတ်ကိုင်ဆောင်ထားသူများ အနေဖြင့် နိုင်ငံအတွင်း မည်သည့်နေရာမဆို သွားလာခွင့်ရသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“သူ (ဒေါက်တာဝင်းမြတ်အေး) ပြောတာ လွတ်လပ်စွာ သွားခွင့်ရှိတယ်ဆိုတာ သက်ဆိုင်ရာမြို့နယ်အတွင်းမှာ လွတ်လပ်စွာ သွားခွင့်ရှိတာပါ။ အခုမီဒီယာတွေ ဖော်ပြနေသလို ဒီ NVC ကိုင်ရုံနဲ့ နိုင်ငံအတွင်း ကြိုက်တဲ့နေရာ သွားခွင့်ရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ခွင့်လည်း မပြုနိုင်ပါဘူး။ ပြီးတော့ ပုံစံ ၄ ဖြည့်ရတယ်ဆိုတာ ပုံစံ ၄ ဖြည့်ပြီးမှပဲ နိုင်ငံသား ဘယ်အဆင့်ရမယ်ဆိုတာ နိုင်ငံသားမှတ်ပုံတင် လျှောက်ရမှာပါ။ ခိုင်ခိုင်မာမာ ပြောချင်ပါတယ်။ NVC ထုတ်ပေး စဉ်ကတည်းက အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေနဲ့ ကန့်သတ်ချက်အတိုင်း ဖြစ်ပါတယ်။ အခုအစိုးရအနေနဲ့ ပိုပြီးတော့ ဖြေလျှော့ပေးတာ၊ မီဒီယာတွေမှာရေးနေသလို ဒီလက်မှတ်လေးရရုံနဲ့ ကြိုက်တဲ့နေရာသွားခွင့်ပြု တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဧပြီ ၂၅ ရက်ကပြုလုပ်သည့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

“NVC ကတ်သည် နိုင်ငံအတွင်းမှာ နေတယ်ဆိုတဲ့ အသိအမှတ်ပြုဖြစ်တယ်။ သူတို့သည် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံယူရမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို အသိအမှတ်ပြုတဲ့သူတွေကလည်း ပုံစံ ၄ ဖြည့်ပြီးမှ သူ့ရဲ့ စာရွက်စာတမ်းအထောက်အထားတွေ ခိုင်လုံမှ၊ ပြသနိုင်မယ်ဆိုရင် ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်းမြို့နယ်၊ ခရိုင်၊ ပြည်နယ်ကနေမှ ဗဟိုအဆင့်က စိစစ်ပြီးမှ သူတို့ ရ သင့်ရထိုက်တဲ့ ဥပဒေနဲ့အညီ နိုင်ငံသားလား၊ ဧည့်နိုင်ငံသားလား၊ နိုင်ငံသားပြုခွင့်ရသူလားဆိုပြီး ပေးသွားမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

NVC ကတ်ကိုင်ဆောင်ထားသူက အချက်အလက်ပြည့်ပြည့်စုံစုံ တင်ပြလျှောက်ထားပါက ငါးလအတွင်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စသည်ဖြင့် သက်ဆိုင်ရာကတ်တစ်မျိုးမျိုးကို စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“NVC ကိုင်မယ်၊ ပုံစံ ၄ ဖြည့်ပြီး အချက်အလက်အထောက်အထားနဲ့ သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ သွားလျှောက်ထားမယ်ဆိုရင် တကယ်လို့သာ အထောက်အထား ခိုင်မာတယ်ဆိုရင် ငါးလအတွင်းမှာ သူရသင့်တဲ့ နိုင်ငံသားအဆင့်တစ်ခုရမယ်။ နိုင်ငံသားဖြစ်ရင်လည်းဖြစ်မယ်။ ပြုနိုင်ငံသား ဖြစ်ရင်လည်းဖြစ်မယ်။ ဧည့်နိုင်ငံသား ဖြစ်ရင်လည်းဖြစ်မယ်။ သူ့ရဲ့အချက်အလက် အပေါ်မူတည်ပြီးမှ ဥပဒေနဲ့အညီရသင့်တဲ့  နိုင်ငံသားအဆင့်အတန်းရရှိမှာ ဖြစ်ပါတယ်။ ငါးလအတွင်းမှာ သူဟာ ဘယ်အဆင့်ရမယ်၊ ဒါတောင်မှ နံပါတ်(၁) သူကိုယ်တိုင်လာ လျှောက်မှ၊ နံပါတ်(၂)သူ့ဆီမှာရှိတဲ့ အချက်အလက်တွေ ခိုင်ခိုင်မာမာရှိမှ၊ ဥပဒေနဲ့ညီမှ သူရသင့်တဲ့ နိုင်ငံသားအဆင့်အတန်းရမှာ ဖြစ်ပါတယ်။ လျှောက်တိုင်း ငါးလကြာရင် နိုင်ငံသားဖြစ်မယ်ဆိုတာ အင်မတန်ကို ၁၉၈၂ ခုနှစ် ဥပဒေနဲ့လည်း မညီညွတ်ပါဘူး။ အဲဒီဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ပြည်သူတွေ စိုးရိမ်စရာမရှိပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ကျော်မျိုး
Eleven Media Group

No comments:

Post a Comment