Wednesday, May 2, 2018

BIO FOAM ဖြင့် ငြှိမ်းသတ်ခဲ့ရသည့် ထိန်ပင်သုသာန်အနီး အမှိုက်ပုံမီးလောင်မှု ရာနှုန်းပြည့် ထိန်းသိမ်းနိုင်ပြီဖြစ်ပြီး မီးသတ်ကားများ ထားရှိ၍ စောင့်ကြည့်မည်


BIO FOAM ဖြင့် ငြှိမ်းသတ်ခဲ့ရသည့် ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံ မီးလောင်မှုကို ရာနှုန်းပြည့် ထိန်းသိမ်းနိုင်ပြီဖြစ်ပြီး မီးသတ်ကားများ ထားရှိ၍ စောင့်ကြည့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံသည် ဧပြီ ၂၁ ရက်က စတင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အနီးဝန်းကျင် ရပ်ကွက်များသာမက နေရာအများအပြားသို့ မီးခိုးငွေ့များ ပျံ့နှံ့ခဲ့ခြင်းကြောင့် မီးခိုးငွေ့ ထိန်းချုပ်နိုင်သည့် BIO FOAM ကို အရေးပေါ် မှာယူခဲ့ခြင်းဖြစ်ကာ ဧပြီ ၂၇ ရက်မှစ၍ မီးငြှိမ်းရာတွင် အသုံးပြုခဲ့သည့်အတွက် မေ ၂ ရက်တွင် ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က အားလုံး အပြီးပဲ။ ပြီးပြတ် ပြီးသွားပြီ။ ကုန်အောင်တော့ သတ်သွားပြီ။ နည်းနည်းပါးပါးတော့ ဟိုနားတစ်ကွက် ဒီနားတစ်ကွက်ကတော့ ကျန်မှာပဲ။ အနည်းငယ်တော့ ကျန်မှာပဲ။ မီးစမီးန ဘာမှမရှိဘူး။ မီးခိုးတွေ အူတာပဲ ရှိတယ်။ အခုအဲဒါတွေကို လိုက်သတ်နေတယ်။ ဒီနေ့ညနေ အပြီးသတ်ပြီးရင် နောက်နေ့ကျရင် စည်ပင်က မီးသတ်ကားရယ်။ ကျွန်တော်တို့ဆီက မီးသတ်ကားတွေရယ် အသင့်ထားပြီး ဆက်လက် စောင့်ကြည့်သွားမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးမြင့်စိုးက မေ ၂ ရက်က ပြောကြားသည်။

ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်မှုနှင့် မီးခိုးငွေ့များ ထွက်ပေါ်မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း ဆက်လက် စောင့်ကြည့်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၁၀ စီးအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာမှလည်း မီးသတ်ယာဉ် လေးစီးနှင့်
ရေသယ်ယာဉ် ခြောက်စီး အားဖြည့်ပေးခြင်းကြောင့် စုစုပေါင်း မီးသတ်ယဉ် ၁၄ စီးနှင့် ရေသယ်ယာဉ် ခြောက်စီးဖြင့် စောင့်ကြည့်မည်ဖြစ်ကြောင်း ဦးမြင့်စိုးကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံ မီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် အရေးပေါ် လိုအပ်ချက်အရ BIO FOAM ပီပါ အလုံး ၁၀၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့ လမ်းကြောင်းအတိုင်း သယ်ဆောင်ကာ မီးလောင်ပြင်တွင် ဧပြီ ၂၇ ရက်မှ စတင်ငြှိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံ မီးလောင်မှုကို ငြိမ်းသတ်ရန်အတွက် BIO FOAM မှာယူရာတွင် ပီပါတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၄၀၀ (မြန်မာငွေ ကျပ် ၁၈ သိန်းခန့်) ကုန်ကျမှု ရှိခဲ့ကြောင်း သိရသည်။

စည်သူ
Eleven Media Group

No comments:

Post a Comment