Sunday, May 6, 2018

ဒိန်းပိုပိုဒေါင် ငွေကြေးအရှုပ်အရှင်း ဖြေရှင်းပေးရန် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာချက်ထုတ်


စုကြေးလေလံမဲများအား အမြတ်ရရှိမည်ဟုဆိုကာ ရောင်းချပြီး ငွေပြန်မထုတ်ပေးသည့် ကိစ္စကို ဖြေရှင်းပေးရန် သရုပ်ဆောင် မော်ဒယ်လ် ဒိန်းပိုပိုဒေါင် (ခ) မြတ်နိုးဦးကို မေလ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် မမေသူသူကြွယ် (ခ) မမေသူက ကြေညာချက်ထုတ် သတိပေးလိုက်သည်။

ယင်းကိစ္စကို မဖြေရှင်းပေးပါက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် တရားစွဲမည်ဖြစ်ကြောင်း မမေသူကြွယ် (ခ) မမေသူ၏ရှေ့နေဦးနေစည်သူဇော်က The Voice Daily သို့ ပြောကြားသည်။

ဒိန်းပိုပိုဒေါင်နှင့် မမေသူသူကြွယ် (ခ) မမေသူတို့သည် လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ်တွင် တွေ့ရှိပြီး အမြတ်ရမည်ဆိုကာ ဒိန်းပိုပိုဒေါင်က စုမဲများကို ရောင်းချသဖြင့် စုစုပေါင်း ၁၀ စုကို ငွေကျပ်သိန်း ၂၉၀ ဖြင့် ဝယ်ယူခဲ့ကြောင်း၊ နေပြည်တော်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ဒိန်းပိုပိုဒေါင်ထံသို့ Mobile Banking မှ ငွေလွှဲပေးခဲ့ကြောင်း၊ ထိုသို့ လွှဲအပ်ပေးပြီးနောက် ထုတ်ယူရမည့်နေ့သို့ ရောက်ရှိသည့်အခါ ထုတ်ယူခွင့်မရသဖြင့် ဒိန်းပိုပိုဒေါင်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ထုတ်ပေးနိုင်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်ဟု သတင်းစာတွင် ကြေညာထားချက်အရ သိရသည်။

“သူ့ကို ဆက်သွယ်တဲ့အချိန်မှာ သူလည်း အလိမ်ခံရတယ်လို့ ပြောတယ်။ စကားပြောရတာ အဆင်မပြေတဲ့အတွက် သတင်းစာမှာ နို့တစ်ကြေညာချက် ထည့်လိုက်တာ။ သူက ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုထားတဲ့အတွက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဂ) နဲ့ ငြိတယ်။ သတင်းစာပါ ကြေညာချက်ပါ နောက်ဆုံးရက်အထိ ဖြေရှင်းမပေးဘူးဆိုရင် အဲဒီပုဒ်မနဲ့ ရဲစခန်းမှာ အမှုဖွင့်သွားမှာပါ၊ အမှုဖွင့်တာကတော့ နေပြည်တော်မှာလည်း ဖွင့်လို့ရသလို သူနေထိုင်ရာ မြောက်ဥက္ကလာမြို့နယ်မှာလည်း ဖွင့်လို့ရပါတယ်”ဟု အထက်တန်းရှေ့နေ ဦးနေစည်သူဇော်က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒိန်းပိုပိုဒေါင်က လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်တွင် “ဖြိုးသီရိထွန်းဆိုတာ ကျွန်မ မြတ်နိုးဦး (ဒိန်းပိုပိုဒေါင်) ၏ မဲဒိုင်ဖြစ်သည် .. အားလုံးထင်နေကြသော ပူးပေါင်း ကြံစည်မှု မဟုတ်ဘူးဆိုတာ သက်သေပြချင်တဲ့အတွက် ကျွန်မ၏ ကိုယ်ပိုင်ဂရုတွင် သူတို့မိသားစုအား တွေ့ရှိထားသည့် စက္ကန့်ပိုင်းမျှ ဗီဒီယိုတင်ထားခဲ့သည် ... ခုချိန်မှာ ပေါက်ကြားနေသည်မှာ အကြောင်းမဟုတ် ... အဓိက အကြောင်းရင်းမှာ ကျွန်မတို့သည် သူတို့မိသားစုထံမှ အလျော်ရစရာရှိသော ငွေကြေးတစ်ဝက်ကို ရရှိထားသည်ဆိုသည့် သတင်းနှင့် အိမ်၊ ခြံ၊ ကားတို့ကို အပိုင်သိမ်းယူထားသည်ဆိုသည့် သတင်းမှာ လုံးဝ (လုံးဝ) မဟုတ်ပေ ... ယခုချိန်တွင် ကျွန်မ ရရှိထားသည်မှာ ငွေသားကျပ် (၁၀၃) သိန်းမျှသာဖြစ်သည် ... သို့ပါ၍ ကျွန်မနှင့် ကျွန်မအဖေ နာမည်ထိခိုက်အောင် ဂုဏ်သရေ ညှိုးနွမ်းကျဆင်းအောင် နည်းမျိုးစုံဖြင့် နာမည်တပ်၍ တိုက်ရိုက်သော်လည်ကောင်း သွယ်ဝိုက်၍သော်လည်းကောင်း စော်ကားကြသော Post များ ထပ်မံတွေ့ရှိပါက ၆၆ (ဃ) (အွန်လိုင်း ဥပဒေ ပုဒ်မ) ဖြင့် မည်သူမဆို အရေးယူသွားမည်ဖြစ်သည် ... ခုချိန်ထိ ကျွန်မတို့မိသားစု အခက်အခဲများကို နားလည်ပေးလျက်ရှိသော လူကြီးမင်းများအပေါင်းနှင့် ကျွန်မအောက်မှကျွန်မကို အားကိုးလျက်ရှိသော မဲသားများ ဒုက္ခမရောက်စေရန် ကျွန်မ အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမည် ... နားလည်ပေးသူများ အားလုံးကို ဒီနေရာမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျက်”ဟု မေလ ၅ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။ 

“Facebook ပေါ်မှာ မဲစုကြတာ။ အစတော့ မှန်တာပေါ့။ ကိုယ့်အလှည့် မရောက်ခင် အလှည့်ကျော်ပြီး လိုချင်ကြတယ်။ လိုချင်လာတော့ စုမဲတွေကို ထုတ်ရောင်းကြတာ။ ဒီငွေစုတဲ့အထဲမှာ ဘယ်သူတွေပါတယ်။ ဒိုင်က ဘယ်သူဆိုတာ တိတိကျကျရှိပေမယ့် နောက်ပိုင်းကျတော့ ဘယ်သူတွေပါတယ်။ ဆုကြေးထုတ်ရင် ဘယ်လောက်ရမယ်။ ဒိုင်က ဘယ်သူဆိုတာ တိတိကျကျ မသိရတော့ဘူး၊ အဲဒါကို ဝယ်ယူမိရင်းက ဖြစ်သွားတာ” ဟု အထက်တန်းရှေ့နေ ဦးနေစည်သူဇော်က ထပ်မံရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒိန်းပိုပိုဒေါင် (ခ) မြတ်နိုးထံ ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။   

The Voice

0 comments:

Post a Comment