မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မှ ယခုနှစ်တွင် ကျွန်းနှင့်သစ်မာ တန်ချိန် စုစုပေါင်း သုံးသိန်းခွဲကျော် ထုတ်ယူမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းထံမှ သိရသည်။
ယခုဘဏ္ဍာနှစ်သစ်ထုတ်ယူမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မှ ကျွန်းတန်ချိန် တစ်သောင်းခွဲ၊ သစ်မာတန်ချိန် သုံးသိန်းခွဲကျော် ထုတ်ယူမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မွန်၊ ကရင်၊ ကယားနဲ့ ပဲခူးရိုးမမှာ သစ်လုံးဝမထုတ်ဘူး။ ဒါပေမဲ့ ပဲခူးရိုးမနဲ့ အကျုံးမဝင်တဲ့ ပန်းတောင်းမြို့နယ်မှာ တန်ချိန် ငါးထောင်ထုတ်မယ်။ ပဲခူးတိုင်းထဲတော့ ဝင်သွားတာပေါ့”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ သစ်တောများ ပြန်လည်တည်ထောင်ရေးနှင့် ပြုစုပျိုးထောင်ရေးတို့အတွက် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်က ကျွန်းနှင့်သစ်မာ ထုတ်လုပ်မှုကို တစ်နှစ်ရပ်ဆိုင်းထားခဲ့ပြီး ပဲခူးရိုးမတွင်လည်း သစ်ထုတ်ယူမှုကို ၁၀ နှစ်ရပ်ဆိုင်းထားသည်။
ယင်းသို့သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသော်လည်း ဒေသအချို့တွင် တရားမဝင် သစ်ခိုးထုတ်မှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သစ်တောဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံ၏ လက်ရှိသစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၄ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံများစာရင်းတွင် တတိယနေရာသို့ ရောက်ရှိနေသည်။
The Voice







0 comments:
Post a Comment