Monday, May 7, 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ထားသည့် လူဦးရေ ၈၀၀၀ ကျော်အနက် မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့ဖူးသူမှာ ၁၀၀၀ ကျော်သာရှိကြောင်း ဦးသိန်းဆွေပြောကြား


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ထားသည့် လူဦးရေ ၈၀၀၀ ကျော်အနက် မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့ဖူးသူမှာ ၁၀၀၀ ကျော်သာရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မေ ၇ ရက်တွင် နေပြည်တော်ရှိ ဟီလ်တန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် IOM X ၏ မြန်မာရွှေ့ပြောင်းသွားလာသူများအတွက် ပထမဆုံးဗီဒီယိုမိတ်ဆက်အခမ်းအနားသို့ တက်ရောက်လာစဉ် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးသိန်းဆွေက ယင်းသို့ ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ပေးပို့ခဲ့သည့် လူဦးရေ ၈၀၀၀ ကျော်စာရင်းကို စိစစ်ရာတွင် မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့ဖူးသူမှာ ၁၀၀၀ ကျော်သာရှိကြောင်း၊ ယင်း ၁၀၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပေးပို့ထားပြီး ပြန်လည်လက်ခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသိန်းဆွေက ပြောကြားခဲ့သည်။

“ပေးဖို့ခဲ့တဲ့ ၈၀၀၀ စာရင်းပဲ ရှိပါတယ်။ အဲဒီအထဲကမှ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ခဲ့တဲ့ နေခဲ့ဖူးတဲ့ သူတွေကို သေချာအောင် စိစစ်တဲ့အခါမှာတော့ ယခုအချိန်ထိတော့ အမှန်တကယ်နေထိုင်ခဲ့ဖူးတဲ့ လူအင်အား ၁၁၀၀ လောက်ရရှိပြီးတော့ နိုင်ငံခြားရေးဝန်ကြီးအဆင့်အနေနဲ့ တဖက်နိုင်ငံကို ပေးပို့ပြီးဖြစ်ပါတယ်”ဟု ဦးသိန်းဆွေက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူများကို စနစ်တကျလက်ခံနိုင်ရေးအတွက် အခြေခံအဆောက်အဦးနှင့် အခြားလိုအပ်သည့် ပြင်ဆင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch

0 comments:

Post a Comment