အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကို ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားကြောင်း မေ ၂၂ ရက်က ငြမ်းမီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။
ငြမ်းမီဒီယာ၏ သတင်းဖော်ပြချက်တွင် “ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ သက်သေခံ အထောက်အထားလက်မှတ်၊ CI (Certificate of Identity) ထုတ်ပေးရေးလုပ်ငန်းစဉ်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီခဲ့သော ကုန်ကျစရိတ်များထက် အလုပ်သမားများ အပိုကြေးများစွာ ကုန်ကျခဲ့ရသောနစ်နာမှုဖြစ်စဉ်၌ တာဝန်ရှိမှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကို တိုင်ကြားထားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြားသည်” ဟူ၍ ပါရှိသည်။
ငြိမ်းမီဒီယာ၏ အဆိုပါသတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး Eleven Media Group မှ သီးခြားအတည်ပြုချက်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း လတ်တလောအတည်ပြုချက် မရရှိခဲ့ပေ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မသိရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါသတင်းဖော်ပြချက်နှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်အား ဆက်သွယ်မေးမြန်းရာတွင် “ဘယ်ကသတင်းတက်တာလဲ ငါတို့မသိဘူး။ အဲဒါတွေ ငါတို့မသိဘူး” ဟု မေ၂၂ ရက်က ညပိုင်းက ပြောကြားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခြောက်ဖွဲ့ဖြင့်ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တိုင်ကြားစာများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပြည့်စုံစွာရရှိ စေရန်အတွက် ကြိုတင်စုံစမ်းမှု ၁၈ မှုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကော်မရှင်က စစ်ဆေးဆဲအမှုများကို လျှို့ဝှက်ထားရှိဆောင် ရွက်နေရပါသဖြင့် အမှုဖြစ်စဉ်များကို အသေးစိတ် မထုတ်ပြန်နိုင်သေးပါကြောင်း မေ ၁၃ ရက်က အသိပေးကြေညာထားသည်။
Eleven Media Group
No comments:
Post a Comment