Monday, May 7, 2018

မြန်မာရွှေ့ပြောင်းလုပ်သားများ လုံခြုံစိတ်ချရေးအတွက် ပညာပေး ရုပ်သံအစီအစဉ် စတင်မိတ်ဆက်


မြန်မာရွှေ့ပြောင်းလုပ်သားများ လုံခြုံစိတ်ချရေးအတွက် ပညာပေး ရုပ်သံအစီအစဉ် ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောကြားလိုက်သည်။

ယနေ့ မေလ ၇ ရက်တွင်၊ နေပြည်တော်ကောင်စီနယ်မြေရှိ Hilton Hotel ၌ ကျင်းပပြုလုပ်သည့် IOMX X Myanmar Campaing ဗီဒီယိုဇာတ်လမ်းတိုများ မိတ်ဆက်ပွဲ ၌ ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီကနေ့ အခမ်းအနားမှာ အဓိက အကြောင်းအရာ လေးခုဖြစ်တဲ့ ရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရင်းတွေ၊ မိသားစုလွှဲပို့ငွေအပေါ် စီမံခန့်ခွဲခြင်းတွေ၊ အလုပ်အကိုင်နဲ့ အလုပ်သမား ရှာဖွေရေးရုံးများနဲ့ ရွှေ့ပြောင်းလုပ်သား ထောက်ပံ့ကူညီရေး ဗဟိုဌာနများမှ သတင်းအချက်အလက် ရယူခြင်းတွေ၊ စာချုပ်ချုပ်ဆိုခြင်းနဲ့ ခရီးဆုံးနိုင်ငံမှာ သတင်းအချက်အလက်များ ရရှိနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ ပါဝင်တဲ့ ဗီဒီယိုဇာတ်လမ်းတိုတွေကို ပြည်သူလူထုထံ ချပြနိုင်ဖို့ မိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ 

ဒီဇာတ်လမ်းတိုတွေကို မြန်မာနိုင်ငံမြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ အသက် ၁၈ နှစ်ကနေ ၄၀ နှစ် လူငယ်တွေကြား၊ အမျိုးသား၊ အမျိုးသမီးများ ရွှေ့ပြောင်းသွားလာ နေထိုင်ဖို့ ရည်ရွယ်ချက်ရှိသူများအတွက် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ သိရှိခြင်းရဲ့ အရေးကြီးမှုနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်များကို ဘယ်လိုနေရာက ရရှိနိုင်တယ်ဆိုတာ သိနိုင်ဖို့ ရည်ရွယ်ပြီး ပညာပေး သတင်းဇာတ်လမ်း အနေနဲ့ ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

အဆိုပါ ပညာပေးဇာတ်လမ်းတို ၈ ခုတွင် Theme နှင့် တင်ပြပုံများမှာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သော အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများနှင့် ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီရေးဗဟိုဌာနများတွင် သတင်းအချက်အလက် ရယူခြင်း၊ Pre-departure သင်တန်းပေးခြင်း၊ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်ချုပ်ဆိုခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံ ကဒ်ပြား ထုတ်ပေးခြင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်နှင့် ထွက်ခွာ နေရာများရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့နေရာတွင် သတင်းပို့ထွက်ခွာခြင်း အစရှိသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကိုပါ ထည့်သွင်း ရိုက်ကူးထားကြောင်း သိရသည်။

ဓာတ်ပုံ သော်တာဝင်း
အောင်သူရိန် (အကုန်သိသတင်းဌာန)

No comments:

Post a Comment